|
မောင်ဥာဏ်တို့ ဆဲဗင်းဆိုင်ကနေ အရေးပေါ်ကားပြောင်းပြီး မဟာလပ်ဆေးရုံ(nakornratchsima)သို့ ထွက်လာခဲ့သည်မှာ ကီလိုမိတာသုံးဆယ်ကျော်လောက် ရှိလာပေါ့။ ကားပေါ်တွင် သဲသဲမဲမဲလူနာဆိုလို့ ဦးကော တစ်ယောက်သာပါသည်။ ဦးကောလဲ အခြေနေကဘာဆိုတာ ကောင်းကောင်းပင် သိဟန်မတူ။ မျက်စိဖွင့်ကြည့်နေတဲ့ ဦးကော အခြေနေက မိမိတို့နဲ့အတူ ပြန်လည်ဆုံလိုက်ပြီဆိုတော့ အားရှိလာသည့် သဘောဆောင်နေသည်။ မောင်ဥာဏ်တို့ကတော့ ဦးကောနဲ့ပြန်ဆုံလိုက်ချိန်မှာ အတော်ကိုပျော်ခဲ့ရပါတယ်။
ကားပေါ်မှာ ပါလာသူအားလုံး အရင်တည်းကရင်းနှီးလာကြတာ မဟုတ်သလို၊သွားနေရတဲ့အချိန်ကလဲ စိတ်ပျော်ရွင်စရာအချိန်မဟုတ်လေတော့ အပူကိုယ်စီဖြင့် အားလုံးငြိမ်သက်နေကြသည်။ မောင်ဥာဏ်တို့အချင်းချင်းပင် စကားမပြောနိုင်ကြတော့ပါ။
ကားပေါ်မှာ ပါလာသူအားလုံး အရင်တည်းကရင်းနှီးလာကြတာ မဟုတ်သလို၊သွားနေရတဲ့အချိန်ကလဲ စိတ်ပျော်ရွင်စရာအချိန်မဟုတ်လေတော့ အပူကိုယ်စီဖြင့် အားလုံးငြိမ်သက်နေကြသည်။ မောင်ဥာဏ်တို့အချင်းချင်းပင် စကားမပြောနိုင်ကြတော့ပါ။
အားလုံးဆိတ်ငြိမ်နေစဉ်မှာဘဲ အရေးပေါ်ကားလေး ထိုးရပ်လိုက်တော့သည်။ပတ်ဝန်းကျင်ကို လုံးဝမမြင်ရတဲ့ကားမျိုးကလဲဖြစ်၊ညသန်းခေါင်ကျော်လဲဖြစ်ဆိုတော့ ကားရပ်တိုင်းကားတံခါးဖွင့်မှဘဲ ဘယ်နေရာဘာဆိုတာသိကြရသည်။ ကားရပ်လိုက်သည်နဲ့တပြိုင်တည်း ကားနောက်တံခါး အရင်ပွင့်လာသည်။ ဆေးရုံကြိုဝန်ထမ်းများ အသင့်တွန်းလာသည့် တွန်းကုတင်တလုံးနဲ့ ဦးကောကို ပြောင်းရွေ့မယူပါတော့တယ်။ မောင်ဥာဏ်လဲ ကားအောက်သို့ဆင်းလိုက်သည်။ မောင်ဥာဏ်တို့လဲ အဖြူရောင်ပတ်တီးစတွေနဲ့ဆိုတော့ တွန်းလှည်းက အနားသို့ရောက်လာပါတယ်။ လက်မခံလိုက်ပါ။ မောင်ဥာဏ်ကား ကိုယ့်ကိုသွားလာနိုင်သည့်အခြေနေမို့ လက်မခံခြင်းဖြစ်သည်။ တွန်းလှည်းကိုလက် မခံဘဲ ပတ်ဝန်းကျင်ကိုငေးနေလိုက်တော့ ဆေးရုံစာတမ်းကို ထင်ထင်ရှားရှား တွေ့လိုက်သည်။ မဟာလပ်ဆေးရုံကြီးပင်ဖြစ်သည်။ သာမန်အဆောက်ဦးကြီးတခုသာဆို နေချင်စဖွယ် ကောင်းလေဘိလို့တမ်းတမိမှာမလွဲပေ။ မောင်ဥာဏ်သူငယ်ချင်းတယောက်လဲ တွန်းဘီး လှည်းလေးပေါ်တက်ထိုင်လိုက်သွားတာ တွေ့ရသည်။
မောင်ဥာဏ်လဲ အားလုံးရဲ့နောက်က ကပ်လိုက်သွားပါတယ်။ ပထမဆုံးဝင်လိုက်တဲ့အခန်း အင်မာဂျင်စီအခန်းဖြစ်သည်။ ဦးကော ကို အရင်ဆုံးဆရာဝန်မလေးတွေကဘဲ စတင်စစ်ဆေးမှု ပြုလုပ်နေတာကို တွေ့ရပါတယ်။ မောင်ဥာဏ်လဲ ဘုမသိ၊ဘမသိ ကပ်ပြီးကြည့်နေမိသည်။ ဦးကော အခြေနေကိုသိချင်ဇောကလဲများနေတော့ ပိုလို့ပင်ကြည့်ချင်မိတယ်။ ဆရာမလေးတွေက မောင်ဥာဏ်ကို အပြင်ထွက်ပေးဖို့ ပြောလာချိန်မှဘဲ နောက်ဆုတ်လိုက်မိတယ်။ မကြာလိုက်ပါ။ ဦးကောကိုမေးစရာ ကြုံလာတော့ မေးတဲ့အခါမှ မြန်မာဘုန်းကြီး စကားမတတ်ဘူးဆိုတာသိသွားပြီး မောင်ဥာဏ်ကို ပြန်ခေါ်ပါတယ်။ မောင်ဥာဏ်လဲ စကားတတ်လို့တော့မဟုတ်။ အခြေနေကို သိချင်နေတော့ တတ်ရောင်ကားနဲ့ ထပ်ဝင်ခွင့်၊ကြည့်ခွင့်ရလိုက်တယ်။ အခြေနေကား ဆိုးပါတယ်။ ဦးကော၏ ကျင်ချောင်းဝမှ သွေးစက်စက်ယိုကျနေတာကို မောင်ဥာဏ် မြင်လိုက်ပြီ။ ဒါပေမယ့် ဘာကြောင့်၊ဘယ်လိုဆိုတာကိုကား ဆရာဝန်တယောက်မဟုတ်လို့မသိနိုင်ပါ။ ဆိုးတယ်ဆိုတာဘဲ ယတိပြတ်သိလိုက်မိတယ်။ ဆရာဝန်မလေးတွေ အားလုံးစစ်ဆေးပြီးနောက် ဦးကောကို ခဏ ထားလိုက်သည်။ နောက်မောင်ဥာဏ်သူငယ်ချင်း အဖော်တစ်ယောက်ကို ထပ်စစ်ဆေးပြီး ဆေးဝါး ထည့်ပေးကြသည်။ မောင်ဥာဏ်အလှည့်ရောက်လာပါပြီ။ မောင်ဥာဏ်ကိုလဲ ထုံးစံအတိုင်း စစ်ဆေးပြီး သာမန်သဘောလောက်နဲ့ဘဲ အပြီးသတ်သွားသည်။
ဘေးပတ်ဝန်းကျင်မှာလည်း အော့အန်သူတမျိုး၊ငိုသူတမျိုး၊လူးလိမ့်နေသူကတမျိုးနဲ့ ခြေထောင် ပေါင်ကား အနိဌာရုံများကလဲ မော့ပင်မကြည့်ရဲလောက်အောင် တွေ့မြင်နေရပါသည်။ ဆင်းရဲ အတိပြီးတဲ့လူ့ငရဲဘုံဆိုရင်ကား လွန်လိမ့်မည်မထင်။ မီးနစ်ပိုင်းအတွင်းမှာဘဲ ဦးကော မောင်ဥာဏ်ကို ခေါ်ပါသည်။ ဆီးသွားချင်ကြောင်းပြောသဖြင့် ဆီးဘူးရလိုကြောင်း ယောင်္ကျားဆရာတယောက်ကို အကူညီတောင်းရသည်။
ဆီးဘူးအဆင်သင့်ဖြစ်တာနဲ့ ဦးကောကုတင်ထံသွားပြီး စိတ်တိုင်းကျဆောင်ရွက်ပေးလိုက်သည်။ ခဏကြာတော့ ဆီးစွန့်ပြီးလောက်ခြင်းကြောင့် တဖန်ပြန်ယူလိုက်သောအခါ မောင်ဥာဏ် တုန်လှုပ်သွားရသည်။ အကြောင်းကား ဦးကောဆီးများသည် သွေးများသာဖြစ်နေပါသည်။ ဒါနဲ့မောင်ဥာဏ်လဲ အဖော်သူငယ်ချင်းကိုယူပြရင်း စိတ်ညစ်စွာဖြင့် စွန့်လိုက်ရပါတယ်။ မီးနစ်အနည်းငယ်ကြာသောအခါ တဖန်ထပ်ပြီး ဆီးသွားချင်လာပြန်ပါသည်။ မောင်ဥာဏ်လဲ ကဲ ဒီတခါစမ်းတည်လိုက်ဦးမယ်ဆိုပြီး ဆီးဘူးယူလို့ အဆင်သင့်ပင် ဆောင်ရွက်ပေးလိုက်ပြန်သည်။ အတန်ကြာသော် ပိုလို့ပင်ရင်ထိတ်စရာဖြစ်လာအောင် ဆိုးဆိုးလာတာကိုတွေ့ရပါတော့တယ်။ ဒီတိုင်းတော့မဖြစ် ပြောပြမှကိုရတော့မည်ဟုစိတ်ကိုဆုံးဖြတ်လိုက်ပြီး ယောင်္ကျားလေးဆရာဝန်ကို ရွေးချယ်လိုက်တော့သည်။ ဆရာဝန်ကလဲ အရေးပေါ်အခန်းတွင်းမှာ အဆင်သင့်ရှိနေတာကြောင့် မခက်ခဲပါ။ လက်ဟန်ခြေဟန်ဖြင့်ပင် အခြေနေကိုပြလိုက်သည်။ သူတို့အားလုံးလဲ ဒုတိယအခြေနေကို တွေ့မြင်ပြီးနောက် ပြန်လည်စစ်ဆေးဖို့ အနေထားကို သိသွားဟန်ရှိပါသည်။ ဦးကောကုတင်ကို ခဏအတွင်းမှာ ခန်းစည်းများ ကန့်လန့်ကာချထားရာနေရာသို့ တွန်းဆောင်ပါတော့သည်။ ဆရာမလေး သုံးလေးရောက်လဲ လက်အိပ်များကို တပ်ဆင်ပြီး စတင်ကိုင်တွယ်တော့တယ်။ ဒီတကြိမ်တော့ မောင်ဥာဏ်ကို ဘေးရှောင်နေဖို့ မပြောတော့ပါ။ မောင်ဥာဏ်တစ်ယောက်ကတော့ ကိုယ်မြင်ချင်တဲ့အတိုင်း မြင်ခွင့်ရလိုက်လို့ ကျေနပ်အားရဖြစ်မိသည်။ အခြေနေမှန်အားလုံးကို ဆေးပညာအရ မသိနိုင်ပေမယ့် ဒဏ်ရာက ဘယ်နေရာဘယ်လိုဆိုတာတော့ ကောင်းကောင်းကို သိခွင့် ရလိုက်ပါတယ်။ ဘာသာပြန်လဲကိုယ်၊ ဝေဒနာရှင်လဲကိုယ်ဆိုတဲ့ သဘောပင် သက်ရောက်လိုက်သေးပေါ့။
ဒုတိယအကြိမ်မြောက်ကို အားလုံးစစ်ဆေးပြီး ဆေးပုလင်းများတိုးလို့ တပ်ဆင်ပြီးချိန်မှာတော့ မောင်ဥာဏ်နဲ့ နောက်အဖော်တယောက် နေရာမုန်းတိုင်းကျလာပါပြီ။ ဆီးဘူးလိုတိုင်း သွားသွားခေါ်နေ ရတဲ့ ဆရာဝန်ကဘဲ ပြောလာပါသည်။ လုံဖီး(ဦးဇင်း)တို့က ဆေးရုံထဲမှာ မနေရဘူး။ သူတပါးဘဲ နေရမယ်လို့ ဦးကောကိုလက်ညိုးထိုးပြပြီး ပြောနေ၏။ ဆက်လို့ပင် ဘယ်နေရာမှာအိပ်မလဲ ဟု ပြောလာသေးတယ်။ ကျောင်းကိုလဲ ညွန်မပြ၊တည်းခိုးခန်းဆို ပိုဝေးပါ့။ သူထပ်ပြီးဆက်ပြောတာက ကားဂိတ်နီးနီးလေးဘဲ၊ ဘန်ကောက်ကိုပြန်ပေါ့။ ဒီမှာနေမရဘူး၊အိပ်မရဘူးပေါ့လေ။ အပြင်လူနာပေါ့လို့ ပြောလိုက်တာပါဘဲ။ စိတ်မှာတော်တော်ရှသွားတယ်။ နံရံတခုကိုသာ အားကုန်ကန်လိုက်ချင်တယ်။ ဘယ်နည်းနဲ့မှ ဦးကောကိုမထားခဲ့ပါ။ ဖြစ်ချင်ရာဖြစ်ကွာ၊မပြန်ဘူး၊ဒီလိုဘဲဆုံးဖြတ်ချက်ချလိုက်မိတယ်။ သူ့ကိုစကားတခွန်းဘဲပြန်ပြောလိုက်တယ်၊ဒီမှာဘဲ ထိုင်နေမယ်၊မအိပ်ဘူးပေါ့။ ပြောပြီးတာနဲ့ မောင်ဥာဏ်လဲ တီဗွီချိတ်ဆွဲထားတဲ့ အများဆိုင်နားနေခုံတန်း ၀င်ထိုင်လိုက်တော့တယ်။ မောင်ဥာဏ် ထိုင်ပြီးတာနဲ့ မောင်ဥာဏ့်အဖော်လဲ ရောက်လာပါတော့တယ်။ နေရာတင်မဟုတ်ပါဘူး၊ကိုယ်ထိုင်နေ ရာဘေးက ရေပူရေအေးစက်လေးပင် အဆင်သင့်ရှိနေသေး။ တညလုံးအေးနေတဲ့ ဒဏ်တွေကို ရေပူလေးသောက်လို့ပင် နှစ်ယောက်သား ကာကွယ်လိုက်ရင်း ဟန်ယူလိုက်ပေါ့။ မနီးမဝေးမှာရှိတဲ့ နာရီစက်ဝိုင်းကိုငေးလိုက်တော့ ည ၂ နာရီပင်ခွဲနေပြီကော။ အပူတွေလောင်နေလို့ ဖြစ်လာတဲ့အချိန်က စပြီး တခါမှနာရီမကြည့်ဖြစ်ခဲ့ပါ။ အိပ်ဖို့အချိန်ရောက်ပေမယ့် အိပ်ယာပျောက်နေမှဘဲ စက္ကန့်တန်တွေကို ငေးမိတော့တယ်။ သေချာပါပြီ။ ဒီညတော့ လားလားမျှ အိပ်ဖို့ကိုသတိမရနိုင်တော့ပါ။ အင်လေ-------
သဗ္ဗေသတ္တာ ကမ္မဿကာ။
သဗ္ဗေဓမ္မာ အနတ္တာ။ မနေ့က နေရာရှိတယ်၊ဒီနေ့နေရာမရှိဘူး။ ဒီနေ့ထိုင်စရာရှိတယ်၊မနက်ဖန် ဘာဖြစ်လာမလဲမသိလို့သာ သက်ပြင်းချရင်း မခတ်တော့တဲ့မျက်တောင်တွေနဲ့ တီဗွီကိုအားပြုနေလိုက် တော့တယ်။

