သမီးလေးရေ

သမီးလေးရေ -

သမီးလေးရေ ------- သမီး မေမေရဲ့ ကြင်နာမှု၊ ယုယပိုက်ထွေးမှု၊ သင်ကြားပြသမှုတွေကမှတဆင့် အမေဆိုတဲ့ အသိစိတ် ၊ အသိမှတ်ပြုမှုတွေနဲ့ မ, မမ်မ, မမ် , အန်မ, အမေ ရယ်လို့ သမီးလေးရဲ့ အသက်အရွယ်အလိုက် ခေါ်ဝေါ်သုံးစွဲမှု ဆင့်ကဲဖြစ်စဉ်လေးတွေနဲ့ ခေါ်ဝေါ်ပြီးသုံးစွဲလာခဲ့ရတဲ့ သမီးလေးရဲ့ မေမေ----၊ တခါတစ်ရံမှာ သမီးလေး တစ်ခုခု အလိုမကျလို့ပဲဖြစ်ဖြစ် ဗိုက်ဆာလို့ပဲဖြစ်ဖြစ် ငိုတဲ့အခါတိုင်းမှာ
သမီးလေးရဲ့အလိုဆန္ဒတွေကိုဖြည့်ဆည်းပေးရင်း သမီးလေးရဲ့ နံဘေးမှာ အမြဲလိုရှိနေတတ်သူဟာ သမီးလေးရဲ့ မွေးမေမေပါပဲ သမီးလေးရေ။ သမီးလေး လမ်းလျှောက်သင်စ အရွယ်ရောက်ပြန်တော့လည်း နူးညံ့လှတဲ့ ခြေထောက်လေး တစ်စုံကို မှီပြီး ဟိုယိုင် သည်ယိုင်နဲ့ လမ်းလျှောက်ပြနေတဲ့ သမီးလေးကို ကြည့်ရင်း မျက်နှာမှာ ပီတိတွေ လွှမ်းနေခဲ့တာဟာလည်း အဲဒီ သမီးလေးရဲ့ မေမေပါပဲလေ။ ငယ်ရွယ်နုပျိုလှတဲ့ သမီးငယ်လေးတစ်ယောက်အနေနဲ့ ဘာကိုမှ နားမလည်နိုင်ရှာတတ်သေးပေမယ့် ချစ်သမီးလေးအတွက်ဆိုကာ မွေးနေ့ပွဲလေးတွေကိုလည်း အကြိမ်ကြိမ် ကျင်းပပေးခဲ့ဖူးတယ်လေ၊ ကျောင်းနေရမယ့်အရွယ်ရောက်လာပြန်တော့ သမီးလေးရဲ့ ပညာရေးအတွက် သကြားလုံးလေးတွေကျွေး ချော့မော့ရင်းကနေ နေ့စဉ်နေ့တိုင်း ကျောင်းလိုက်ပို့ပေးခဲ့တာဟာလည်း သမီးလေးရဲ့ မေမေပါပဲ။ သူငယ်ချင်း အပေါင်းအသင်းတွေရဲ့အလယ်မှာ အ၀တ်စားသစ် လှလှလေးတွေနဲ့ ကြွားကြွားဝါ၀ါနေတတ်တဲ့ အရွယ်ရောက်လာပြန်တော့လည်း မိမိအတွက် အ၀တ်စားသစ်မ၀တ်ရင် နေပါစေ သူရဲ့သမီးလေး လူတကာအလယ်မှာ တောက်တောက်ပြောင်ပြောင် မြင်နေရရင် ကျေနပ်ပါပြီ ဆိုတဲ့ မေတ္တာ ကရုဏာ မုဒိတာစိတ်တွေကို အခြေခံကာ အ၀တ်စားသစ်လေးတွေနဲ့ ဆင်မြန်းပေးခဲ့သူဟာလည်း သမီးရဲ့မေမေပါပဲ။ ဒီကြားထဲ တစ်ခါတစ်ရံ သမီးလေး ကျန်းမာရေးမကောင်းလို့ ဆရာဝန်ထံ လိုက်ပို့ခဲ့တာတွေ အနီးကပ်ပြုစုစောင့်ရှောက်ခဲ့တာတွေကို သမီးလေး ယခုချိန်ထိ အမှတ်ရနေလိမ့်အုံးမယ်လို့ ယုံကြည်ပါတယ်။ သမီးရဲ့ မေမေဟာလေ သူသမီးလေနဲ့ပတ်သက်လာရင် နှစ်ပေါင်းများစွာ ရင်းနှီးအကျွမ်းဝင်လာခဲ့တဲ့ မိတ်ဆွေများကိုတိုင် အဆက်အသွယ်ဖြတ်ရဲတဲ့သူတစ်ယောက်ပါ။ ဥပမာအားဖြင့် ငယ်ရွယ်သူတို့ရဲ့သဘာဝ ခိုက်ရန်ဖြစ်ကြတဲ့အခါမျိုးတွေမှာ ငါ့သမီးလေးဖက်ကမှန်တယ်ဆိုတဲ့ အသိနဲ့ သမီးဖက်က အမြဲရပ်တည်ကာကွယ်ပေးပြီး လူကြီးချင်း မျက်နှာပျက်ရမယ့် ကိစ္စမျိုးတွေကိုတိုင် အရေးမစိုက်လေ့မရှိတတ်တဲ့ မိခင်မျိုးပါ သမီးရယ်။ သမီးလေးက အများနည်းတူ စက်ဘီးလေး စီးချင်လှပါတယ်ဆိုပြီး ပူဆာလာပြန်တော့လည်း သမီးလေးရဲ့အမေခမျာမှာ ရှိစု မဲ့စု နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့ရတဲ့ သူရဲ့ စုဗူးလေးထဲကပိုက်ဆံလေးနဲ့ စက်ဘီးသက်လေးတစ်စီး ၀ယ်ပေးခဲ့တာကိုလည်း သမီးလေး အမှတ်ရနေအုံးမယ်လို့ မျှော်လင့်ပါတယ် သမီးရယ်။ သမီေးလး ပညာတွေစုံလို့ ဘွဲ့တွေရပြီးတဲ့ နောက်မှာတော့ သမီးလေးက လုပ်ငန်းခွင် ၀င်တော့မယ်တဲ့လေ။ တကယ်တော့ သမီးမေမေရဲ့ မျက်စိထဲမှာ သမီးလေးဟာ ကလေးသူငယ်လေး တစ်ယောက်လို့သာ ထင်မှတ်နေဆဲပါသမီးရယ်။ လုပ်ငန်းခွင်ထဲမှာ သူသမီးလေး ပင်ပင်ပန်ပန်း လုပ်ကိုင်နေရရှာမှာကို တွေးပြီး ပူပန်နေမိမှာကတော့ သံသယဖြစ်စရာမလိုပါဘူးနော်။ ဒါပေမယ့်လည်း ယနေ့ခေတ်ကြီးမှာ လူတိုင်း အလုပ်မလုပ်ပဲ နေလို့ရတဲ့ ခေတ်ကြီးမဟုတ်ဘူးဆိုတာကို သမီးလေးရဲ့ မေမေ နားလည်ပါတယ် သမီးရယ်။ ဒီတော့လည်း သမီးလေး လုပ်ငန်းခွင်မသွားခင် နံနက်စာ အဆာပြေစားပါတော့လို့ သမီးလေးကြိုက်နှက်သက်တတ်တဲ့ အစားအစာ လေးတွေကို မနက်စောစော သမီးလေး အိပ်ယာမထခင်ကတဲက ကြိုတင်ပြင်ဆင်ပေးခဲ့တာပေါ့။ သမီးရဲ့ မေမေက သူသမီးလေး ကြိုက်တတ်တဲ့ အစားအစာတွေကို ကြိုတင်ပြင်ဆင်ပေးခဲ့တယ်ဆိုပေမယ့်လည်း အမေရဲ့လက်ရာ ကောင်း မကောင်းဆိုတဲ့ သမီးလေး စိတ်ထဲက ရေရွတ်သံကိုတော့ သမီးလေး ပြန်ပြောင်းသတိရနိုင်သေးတယ်ဆိုရင် သမီးလေးသာ အသိဆုံးဖြစ်မှာပါနော်။ သမီးလေး လုပ်ငန်းခွင်ဝင်ခဲ့တာ တစ်လပြီးမြောက်လို့ ပဌမဦးဆုံးလစာထုတ်တဲ့ ရက်မှာတော့ သမီးလေးရဲ့ မေမေက သူသမီးလေးရဲ့ အိမ်ပြန်လာချိန်ကို အိမ်တံခါးဝက စောင့်ကြိုနေခဲ့တယ်လေ။ အတွေးတော့ မမှားလိုက်ပါနဲ့ သမီးရယ်၊ သမီးအမေ အခုလို့ အိမ်တံခါးဝက စောင့်ကြိုနေခဲ့တာဟာ သမီးလေးရဲ့ လစာကိုမျှော်လင့်ရင်း စောင့်ကြိုနေခဲ့တာမဟုတ်ပါဘူး။ သမီးလေးရဲ့ လုပ်အားတန်ဖိုးကို အသိအမှတ်ပြုတဲ့အနေနဲ့ ကောင်းချီးပေးချင်လို့ အိမ်တံခါးဝကိုထွက်ပြီး စောင့်ကြိုနေခဲ့ရှာတာပါ။ တစ်ချိန်တည်းမှာပဲ သမီးလေးကတော့ မိမိရဲ့ မဌမဆုံးးရတဲ့ လစာဆိုတော့ အထိမ်းအမှတ်လေး ဖြစ်သွားအောင်ဆိုပြီး သမီလေးရဲ့ သူငယ်ချင်း တွေနဲ့ ပျော်ပွဲစားလေးတစ်ခုတိုင် လုပ်လို့ ပြီးသွားခဲ့ပြီလေ။ တနေ့ သမီးလေး အချိန်တန် အရွယ်ရောက်လို့ ချစ်သူနောက် ကောက်ကောက်ပါ လိုက်သွားခဲ့ပြီး သမီးချစ်သူနဲ့အတူ အိမ်ပြန်ရောက်လာတော့လည်း ဒီလင် ဒီမယား သက်ဆုံးတိုင် ချစ်ချစ်ခင်ခင်နဲ့ ပေါင်းဖက်နိုင်ကြပါစေရယ်လို့ ပဌမဆုံး တောင်းဆုတွေ ခြွေပေးနေခဲ့သူဟာလည်း သမီးလေးရဲ့ မေမေပါပဲလေ။ သမီးလေးက သမီးလေးရဲ့ မေတ္တာတစ်ဝက်ကို သူစိမ်းတစ်ယောက်ထံ ခွဲဝေပေးလိုက်ပေမယ့် သမီးလေးရဲ့အပေါ်မှာ ထားတဲ့ သမီးမေမေရဲ့ မေတ္တာတွေကတော့ အရင်လိုပဲ မပြောင်းမလဲ သမီးရဲ့ အပေါ်မှာ စုပြုံနေဆဲဆိုတာ သမီးလေး ခံစားလာတတ်တဲ့ တစ်နေ့မှာ နားလည်လာမှာပါနော်။ ယခုချိန်မှာတော့ သမီးရဲ့ မေမေဟာ အသက်အရွယ်ကလည်း အိုမင်းရင့်ရော်လာခဲ့ပြီဖြစ်သလို တစ်န့တစ်နေ့ အိမ်မှာ တစ်ယောက်တည်းနေရင်း အထီးကျန်ဆန်လွန်းလှတဲ့ ဝေဒနာမျိုးကိုလည်း ခံစားနေရမယ်ဆိုတာ တွေးကြည့်ရင်သိနိုင်ပါတယ် သမီးရယ်။ ဒါပေမယ့်လည်း သမီးလေးနဲ့ ပတ်သက်လာရင်တော့ သမီးမေမေရဲ့ ခေါင်းထဲမှာ အမြဲပဲလန်းဆန်းတက်ကြွနေဆဲပါ။ သမီးလေးရဲ့ မေမေဟာ သမီးလေးအတွက် သူရဲ့သက်တမ်းတစ်လျှောက်လုံးမှာ ခက်ခဲမှုပေါင်းများစွာတွေကို ဘယ်လိုကျော်ဖြတ်ခဲ့ရသလဲ ဘယ်လိုစွန့်လွှတ်မှုမျိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရသလဲ ဆိုတာတွေကတော့ သမီးလေး ပြန်စဉ်းစားရင်တိုင် အကုန်သိနိုင်လိမ့်မယ်လို့ မထင်ပါဘူး သမီးရယ်။ ဒါကြောင့်မို့ သမီးမေမေရဲ့ သက်တမ်းတစ်လျှောက်လုံးနဲ့ ဘ၀ရဲ့တစ်စိတ်တစ်ပိုင်းဟာ သမီးအတွက်ဖြစ်ခဲ့ရသလို သမီးလေးဖက်ကလည်း မေမေအတွက် သမီးအလိမ္မာလေးဖြစ်အောင် အချိန်လေးတစ်ချိန်ပေးပြီး နွေးထွေးမှု မေတ္တာတွေကို ကာယကံမြောက် ပေးဆပ်ဖြစ်အောင် ပေးဆပ်လိုက်ပါလို့ တိုက်တွန်းပါရစေ သမီးရယ်။ အချိန်တွေကုန်လွန်သွားပြီးခါမှ နောင်တရ ရတဲ့အဖြစ်မျိုးနဲ့ မတွေ့ကြုံပါစေနဲ့နော်။ တကယ်တော့ သမီးလေးထံက သမီးလေးရဲ့ မေမေ အရချင်ဆုံးအရာဟာ သမီးလေးရဲ့ နွေးထွေးမှုမေတ္တာနဲ့ ပြုစုစောင့်ရှောက်မှုပဲဖြစ်တယ်ဆိုတာ သမီးလေးရဲ့ ရင်ထဲ နှလုံးသားထဲမှာ စွဲမြဲအောင် မှတ်သားထားနော်။ ။ မေမေအတွက် သမီးအလိမ္မာလေးများ ဖြစ်နိုင်ကြပါစေ------

သခင်နွယ် စုစည်းတင်ပြသည်
0 Responses

    နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
    ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ
    ကောင်းသတင်းများ ဖိနပ်စီးနေချိန်မှာ မကောင်းသတင်းများက ကမ္ဘာပတ်နေပြီ။
    ပြဿနာအခက်ခဲအတွက် ထွက်ပေါက်ကိုသာ စဉ်းစားခြင်းမပြုဘဲ၊ ဖောက်ထွက်ဖို့သာ စဉ်းစားစေချင်ပါတယ်။ ဆရာ ဦးဝင်းတင်