|
အဖုထစ်လေးတွေက ပိုပိုကြီးထွားလာတာကို မောင်ဥာဏ်တယောက်ကောင်းကောင်းသိနေပါပြီ။ မောင်ဥာဏ်တို့သူငယ်ချင်းနှစ်ယောက်လည်း သွေးအနည်းငယ်အေးလာပြီပေါ့။ သွေးအေးအေးနဲ့ မြင်းတစ်ကောင်ပျောက်၊နောက်မြင်းတကောင်ပြန်ရတော့ တစ်ကောင်အပိုပါလာလို့ကံကောင်းတယ် ဆိုတာလို ကံကောင်းတဲ့အကြောင်းတွေပြောနေရင်းက ဆေးရုံရှေ့ကားရပ်ကွင်းလေးသို့ ကားမီးထိုးလာ သည်ကိုသတိထားမိလိုက်သည်။
မောင်ဥာဏ်လဲ ကားမြင်ရင်ကိုလန့်နေချိန်ဆိုတော့ ကားဝင်လာတဲ့နေရာကို ကောင်းကောင်းအာရုံစိုက်သည်။ ထူးထူးခြားတံဆိပ်များကပ်ထားတဲ့ ထိုင်းပလိပ်အရာရှိကားဖြစ်မှန်းသိလိုက်သည်။ အင် ဒို့တော့ဘာတွေ ဆက်ရှုပ်လာဦးမယ်မသိဘူး၊ပလိပ်ကားတော့ဝင်လာပြန်ပေါ့လို့သာတွေး စောင့်ကြည့်နေလိုက်သည်။ ထိုင်း ပလိပ်အရာထမ်းများသည် အရေးပေါ်လူနာခန်းသို့စိုက်စိုက်မတ်မတ် ဦးတည်လျက် ဝင်သွားတာကို သိလိုက်သည်။ မောင်ဥာဏ်တို့ထံရောက်လာမှာကိုတော့ တွက်ထားပြီးသားပေါ့။ ထင်ထားသည့်အတိုင်းဘဲ ပလိပ်အရာထမ်းများသည် အရေးပေါ်လူနာခန်းက ထွက်လာချိန်မှာ မောင်ဥာဏ်ရှေ့တည့်တည့်သို့ ရောက်လာပါတော့တယ်။ ပထမတော့ ထိုင်းလူမျိုးထင်လို့နေပါရဲ့၊ ထိုင်းစကားဖြင့် မှတ်ပုံတင်တောင်း လေသည်။ မောင်ဥာဏ်စကားပြန်ပြောလိုက်ချိန် ရွှေမြန်မာမှန်းလဲသိသွားရော တော်တော်စိတ်ဝင် စားဟန်ပေါ်လာသည်။ ဘယ်ကလာသလဲ ကစပါတော့တယ်၊ ရွှေမြန်မာဆိုတာနဲ့ ထိုင်းပလိပ်အများစုက ငွေရပြီဘဲလို့သာတွက်ဆလျက်ရှိတယ်လေ၊စိတ်ဝင်စားတော့ ဝင်စားချင်စရာပါ။ မောင်ဥာဏ်လဲ အိပ်အတွင်းက အနီရောင်ပါစ်စပို့လေးကို ထုတ်ပြပြီး၊ လာအိုက ပြန်လာတယ်၊ဗီဇာသွားပြီးအသစ်တင်လာတဲ့ အကြောင်းတွေသာ ဆက်ပြောလိုက်တယ်။ လက်ထဲရှိတဲ့စာအုပ်လေးကို ယူပြိး တရွက်ချင်းလှန်လျောကာ မေးနေပါတော့တယ်။ အသင့်ပါလာတဲ့ ဓါတ်မီးသေးသေးနဲ့ ဖင်တပြန်၊ခေါင်းတပြန်ထိုးကြည့်တယ်။ သူ့စိတ်မှာသံသယကင်းလောက်မှ စားပွဲခုံပေါ်စာအုပ်လေးတင်ပြီး ပါစ်စပို့စာအုပ်ကို တရွက်ချင်းလှန်လို့ တပြက်ပြက်ဓါတ်ပုံရိုက်ယူပါတော့တယ်။ အယုံကင်းသလား၊မကင်းသလားတော့မေးမနေနဲ့ဗျာ၊ ထိုင်း အရာရှိတွေနယ်စပ်ကနေခိုင်လုံလို့ဝင်ခွင့်ပေးလိုက်တဲ့စာအုပ်ကိုတောင် စစ်ဆေးလို့မပြီးနိုင်ဘူး။ လူကိုကြည့်လိုက်၊စာအုပ်ကိုကြည့်လိုက်နဲ့ ပလိပ်နှစ်ယောက် ချာလည်ကိုရိုက်နေတာဘဲ။ ဘေးနားက ယိုးဒယားမတသိုက်ကလဲ ဖဖားမား(ဗမာဘုန်းကြီး) ဆိုတဲ့အသံက တီးတိုးတီးတိုးထွက်လာသေးဗျ။ စကားသံကြားရတာကို နားဝင်ပီယံမဖြစ်လိုက်တာ။ ထိုင်းပလိပ်များဘယ်လောက်ထိအယုံကြည်ကင်းသလဲဆို ဒီလောက်စစ်ကြောရေး ပြီးတာပင်မလုံလောက်သေးဘူး။ မောင်ဥာဏ်စာအုပ် ထပ်ယူသွားပြီး အတွင်းဘက် မီးလင်းတဲ့အခန်းမှာ ဒုတိယအကျော့ထပ်လှန်ကြည့်နေတယ်။ တွေးကြည့်လေ ဒေါသဖြစ်ချင်စရာကောင်းလေ ဘဲလေ။ မောင်ဥာဏ်အလှည့်တော့ပြီးဆုံးသွားပြီ၊ သူငယ်ချင်းဘက်လှည့်လာပါပြီ။ အတူတူလားလို့ တခွန်းသာမေးပြီး မှတ်ပုံတင်တောင်းပါတော့တယ်။ မောင်ဥာဏ် စာအုပ်ကိုလဲပြန်မပေးသေးပါ။ နောက်တယောက်ဘက်လှည့်လာတဲ့ အလုပ်သာတိုးလာတယ်။ ဆေးရုံတခုလုံးက လူနာရော၊၀န်ထမ်းများပါ မောင်ဥာဏ်တို့နှစ်ယောက်ကိုသာ မျက်လုံးများက အလေးပေးနေကြသည်။
အဖုထစ်များက ပိုလို့သာတိုးတိုးလာပါတော့တယ်ဗျာ။ မောင်ဥာဏ်သူငယ်ချင်းမှာကား စာအုပ်ပါမလာ ပါ။ ပါစ်စပို့စာအုပ်လေးက ရေမရှိတဲ့မြောင်းထဲထိုးဆင်းသွားတဲ့ သံခေါင်ကျော်ကားကြီးပေါ်တွင် ဘယ်ရောက် လို့ဘယ်ပျောက်နေခဲ့မှန်း ကိုမသိတော့ပါ။ ပလိပ်က သဘောကျဟန်ပြုံုးလိုက်သေး။ တကယ်ပါတာ သေချာလားလို့သာခဏခဏမေးနေသည်။မောင်ဥာဏ်ကဘဲ သူငယ်ချင်းအစား ဖြေပေးနေရသည်။ ပလိပ်ကလဲ မှတ်လို့ရလောက် နာမည်တို့၊ကျောင်းတို့ကို လစ်စာရင်းလစ်စာအုပ်တွင်းသို့ သူ့အလိုမကျမချင်း ထည့်သွင်းနေသည်။ အားလုံးပြီးဆုံးသွားချိန်မှာတော့ မောင်ဥာဏ်တို့နဲ့အတူ အရေးပေါ်ကားတွင်းပါလာတဲ့ အမေရိက ခရီးသွားတယောက်ထံ ပလိပ်ရောက်သွားတော့သည်။ မောင်ဥာဏ်လဲ မျက်ခြေမပြတ် စောင့်ကြည့်နေမိတယ်။ ဒို့တွေနဲ့ဘယ်လိုကွာခြားမလဲဆိုတဲ့အတွေးနဲ့ပေါ့။ လားလားမျှမတူပါ။ ဘယ်ကလဲ၊ စာအုပ်လေးပြလိုက်တာနဲ့နာမည်လေးရေးပြီး အိုကေ တလုံးသာပြောပြိးလှည့်ထွက်သွားတဲ့ပလိပ် ရပ်ကွက်ထဲကလူကြီးအဆင့်လောက်သာဆို ဆွဲထိုးမိမှာသေချာတယ်။ မောင်ဥာဏ်စာအုပ်ကိုတော့ အခုချိန်ထိပြန်မပေးပါ။ လက်ထဲမှာသာကိုင်ထားတာတွေ့ရတယ်။ မောင်ဥာဏ်လဲ ဒီပလိပ်တော့ပြန်တော့မှာဘဲလို့တွေးပြီး ထရပ်လိုက်ကာ လှမ်းတောင်းရတဲ့အခြေနေရောက်တော့တယ်။ ဒီခေတ် ဒီကာလ တစ်နိုင်ငံနဲ့တနိုင်ငံ၊ ဒေသတခုနဲ့တခု ထုံးလိုမွှေ၊ရေလိုနှောက်၊လူးလားခေါက်တုန့် သွားလာနေတဲ့ အခြေနေကြီးမှာ ငါ့နိုင်ငံက စာအုပ်ကျမှရစ်လိုက်တာလို့ပင် အမိမြန်မာမြေကိုအမှတ်ရရင်း အတွေးတချက်ဝင်လိုက်မိသေး။ သူတို့ဖြစ်ချင်၊သိချင်တဲ့ အကြောင်းရာတွေလဲ ပြည့်စုံသွားတော့ ကားပေါ်တက်ပြီးစက်နှိုးနေချိန်မှာ ကားတခါးပြန်ပွင့်လာတာကိုသိလိုက်သည်။ အင် ပြဿနာတော့ ထပ်ရှာဦးမယ်ထင်တယ်ပေါ့။ အထင်နဲ့အမြင်လွဲသွားတယ်။ ပြန်ဆင်းလာတဲ့ ပလိပ်က လက်ထဲမှာ တွဲလောင်းကိုင်ထားတဲ့ မောင်ဥာဏ့်လွယ်အိပ်လေးကို မောင်ဥာဏ့်ဟာ ဟုတ်လားဟုမေးလိုက်သည်။ မောင်ဥာဏ့်အတွက် ဒီတကြိမ်တော့ ၀မ်းသာစရာပါ။ ညမှောင်မှောင်မှာရုတ်တရက် လူနဲ့အိပ်နဲ့ အစိမ်းသက်သက်ကွဲသွားတဲ့ မောင်ဥာဏ့်အိပ်လေး ပြန်မိတ်ဆက်လာလို့ပါ။ မောင်ဥာဏ့်အိပ်တလုံးသာ လတ်တလောကောက်တွေ့လာဟန် တူပါတယ်။
ထိုင်းပလိပ်များထွက်သွားပြီးနောက်ပိုင်း မောင်ဥာဏ်တို့နှစ်ယောက်လဲ ဖြစ်ကြောင်း အစဉ်လေးတွေ စကားစမြည်ပြောနေရင်း၊အဖော်ဦးကောတယောက်လဲ ဘယ်ဆေးရုံရောက်သွားပါလိမ့်လို့ ပြောပြောဆိုဆိုနေကြရင်း ကိုယ်စီဆေးတလုံးစီသောက်လိုက်ကြသေးတယ်။ ဆေးသောက်တဲ့ရေခွက်လေး ပြန်တင်နေတဲ့အချိန်မှာဘဲ ဝီးဝီးအသံခပ်တိုးတိုးနဲ့ အရေးပေါ်ကားလေးတစီးထိုးရပ်လာသိလိုက်တယ်။ အဖော်ဦးကော ဘာကြောင့်နောက်ကျနေပါလိမ့်ပေါ့။ တကယ်တော့ ဦးကော ကားမဟုတ်ပါ။ မောင်ဥာဏ်တို့ အုပ်စုကို နေရာပြောင်းပေမယ့်ကားလေးသာဖြစ်နေသည်။ တရွာမကောင်းသူကောင်းမဖြစ် ဆိုပေမယ့် ဒီအနေထားကတော့ နောက်နေရာပြောင်းလဲ ဆေးရုံဘဲဖြစ်မယ်ဆိုတာသိနေတော့ အတော့်ကို စိတ်ထိခိုက်ရပါတယ်။ အင်းလေ ဘာဘဲဖြစ်ဖြစ် အဖုထစ်လေးတွေရောက်လာပြီဆိုမှတော့ ဆက်လျောက်တော့ပေါ့။ မောင်ဥာဏ်တို့ရယ်၊အမေရိက လူရယ်သုံးယောက်သားကားပေါ်တက်လိုက်တယ်။ ခေါင်းထဲမှာတော့ ယိုးဒယာမလေး က ငိုမယ့်ငိုမယ့်နဲ့ နောက်ဆုံးတက်လိုက်တာတွေ့တယ်။ ပြီးတော့နောက်ခန်းကိုလဲ ယိုးဒယားမလေးရဲ့လင်တော်မောင်ထင်ပါရဲ့ ထပ်တက်လာတယ်။စုစုပေါင်း ငါးယောက်တစီးဖြစ်သွားပါရော၊ဘယ်ဌာနေ၊ဘယ်စခန်းသို့ခရီးနှင်မည်တော့ တယောက်မျှမသိကြ။
ကားလေးနဲ့တနေရာဆက်နေချိန်တော့ မောင်ဥာဏ်တို့ရောဂါထလာပါပြီ။ ကားကအဲယားကွန်း ဒဏ်ကိုမခံနိုင်တော့ပါ။ ကိုယ်တွေပူပြီး အရမ်းချမ်းလာပါသည်။ နောက်ခန်းက လေးယောက်တွင် မောင်ဥာဏ် တို့နှစ်ယောက်ရယ်၊အမေရိက လူရယ်က ဝေဒနာရှင်တွေဆိုတော့ အခြေနေအတော်ကို ဆိုးလာပါပြီ။ ကားပေါ်ပါတဲ့ ခြုံလွှာပါးပါးလေးကို သုံးယောက်သားလုနေကြသည်။ ခြုံလွှာလေးကတထည်တည်း။ လူက သုံးယောက်ဖြစ်နေတော့ အဝေမတည့်တော့ပါ။ နောက်ဆုံးအခြေနေကို မောင်ဥာဏ်သုံးသပ်ကြည့်လိုက် တော့မောင်ဥာဏ်သူငယ်ချင်းကား အပေါ်ပိုင်းမှာ အ၀တ်ထည်လုံးဝမပါ။ ဗလာတည်းဖြစ်နေသည်။ အမေရိက လူကတော့ အင်္ကျီထူထူနဲ့ဆိုတော့ နေလို့ဖြစ်သည်။ မောင်ဥာဏ်လဲ အခြေနေကိုကြည့်ဆုံးဖြတ်ပြီး ကိုယ့်သူငယ်ချင်းထံခြုံလွှာကို ထိုးအပ်လိုက်ရတယ်။ စောင်ခြုံလွှာလုနေရင်းက အပြီးသတ်သွားတဲ့အချိန်မှာဘဲ စီးလာတဲ့ကားလေးက ထိုးရပ်သွားသည်။ အင်း တွက်လိုက်တယ်၊ နောက်တနေရာတော့ရောက်ပြီပေါ့။ ကားတံခါးဖွင့်လိုက်ချိန်တော့ ဆဲဗင်းဆိုင်ရှေ့ရောက်နေတာ ဖြစ်ရော။ အား ဘယ်လိုပါလိမ့်၊သေရမယ့်လူပါရင် သေပြီပေါ့။ ကားဒီလောက်ခရီးဖင့်နေရင်ပေါ့။ မောင်ဥာဏ်တို့လဲ ကားပေါ်ကဆင်းပြီး အအေးဒဏ်ကို ကာကွယ်ဖို့ စီးကရက်ကို သတိရလိုက်သည်။ ကားမောင်းသမားကြည့်တော့လဲ ကြာဦးမည့်လက္ခဏာ။ အပေါ့အပါးသွားပြီး စီးကရက်ထုတ်လိုက်တော့ မီးခြစ်ကပါမလာတော့ပါ။ ဆဲဗင်းဆိုင်ထဲဝင်ပြီး မီးခြစ် ထပ်ဝယ်လိုက်ရသေးတယ်။ အတော်လေးကိုသောက်ချင်နေပါပြီ။ ကိုယ်တွေအေးနေခြင်းက ပိုပိုသာ ဆိုးလာတာကလဲတကြောင်းပေါ့။
စီးကရက်တလိပ်စီဖွာရှိုက်နေရင်း ခပ်လှမ်းလှမ်းက လမ်းပလိပ်တွေ တပီပီဇယားအလုပ်ရှုပ်နေပုံ၊ မောင်ဥာဏ်တို့ကားသမား ဖုန်းဆက်နေပုံတွေကို ထိုင်ပြောနေကြသည်။ စီးကရက်တလိပ်အပြီးသတ် ချိန်မှာတော့ဘန်ကောက်က သူငယ်ချင်းတွေကို ပြေးသတိရလိုက်တယ်။ ပြောတော့ပြောထားပြီးပြီ၊ အကြောင်းပြန်လာမည့်ဖုန်းကမရှိတော့ စိတ်ထဲကသိပ်ကျေနပ်မှုမရသေး။ ထပ်ပြီး အဆက်သွယ်လုပ်ချင်နေ မိတယ်။ ဒါနဲ့ ကားသမားလေးနားကပ်ပြီး စကားရှာရတော့သည်။ ဘယ်ကိုသွားမှာလဲ၊ဒီနေရာက ဘယ်မြို့နယ်လဲပေါ့။ ဖုန်းလဲ ကားထဲမှာပါသွားတယ်ပေါ့။ ဝေ့၀ိုက်ပြောနေရင်းက ကားဆရာသဘောပေါက် သွားပုံရတယ်။ ဖုန်းပြောမလားတဲ့။ ဒီကလဲ သိပ်တွေးမနေဘူး၊ကူညီပါလို့တခွန်းသာ ပြန်ပြောလိုက်တယ်။ မောင်ဥာဏ်လဲ ဟိုဘက်ဆေးရုံမှာ TOT ဖုန်းနဲ့ဆက်လာတဲ့ နံပါတ်ဟောင်းလေးဘဲ ထပ်ဆက်လိုက်သည်။ ချမ်းတုန်နေတဲ့ကြားက အနွေးဓါတ်တွေရလိုက်သလိုခံစားမိလိုက်တယ်။ ဘန်ကောက်က သူငယ်ချင်းတွေထံ သတင်းပေါက်သွားပြီးဆိုတာ သိလိုက်ပြီလေ။ အသိပေးလိုက်တဲ့ ဖုန်းပိုင်ရှင်မိတ်ဆွေတော့ အိပ်ပျော်နိုင်မှာ မဟုတ်ဘူးဆိုတာလဲ စိုးရိမ်စိတ်က ကပ်ပါလာတယ်။ ထည့်မစဉ်းစားနိုင်တော့ပါ။ သူငယ်ချင်းနှစ်ယောက် ဖြစ်ကြောင်းစုံလင်တွေ ပြောနေကြရင်း အရေးပေါ်မီးနဲ့ကားတစီး ထိုးဝင်လာသည်။ တဆက်တည်းဘဲ မောင်ဥာဏ်တို့ကားသမားလေးကလဲ ကားပြောင်းတက်ဖို့ အသိပေးလာလိုက်သည်။ အော် ဒါကြောင့်မို့ ဒီမှာစောင့်နေတာကိုး၊အဖြေကပေါ်လာသည်။ ကားပြောင်းတက်ချိန်မှာ အမေရိက ခရီးသည်လဲ သိပ်မှန်ပုံမရတော့ပါ။ ကရောင်ခြောက်ခြားဖြစ်နေဟန်ရှိသည်။ မောင်ဥာဏ့် သူငယ်ချင်းက နောက်လိုက်သေးတယ်။ မောင်ဥာဏ်ရေ အရိကန်ကြီးတော့ ဂေါက်ပြီထင်တယ်တဲ့။ သူ့ပါလာတဲ့အိပ်တွေကို ကိုင်လိုက်ချလိုက်၊ပြန်တင်လိုက်ဖြစ်နေတာကို သိလိုက်တော့ ပုံမှန်လူရဲ့လှုပ်ရှားပုံနဲ့ကွာနေတာ တွေ့ရတယ်လေ။ ပါးစပ်ကလဲ ပွစိပွစိ ထွက်နေသေးပေါ့။ မောင်ဥာဏ်ကတော့ သူငယ်ချင်းပြောတာကို မသိမသာပြုံးလိုက်မိတာကလွဲလို့ ဘာမှမတတ်နိုင်တော့ပါ။
အသစ်ဝင်လာတဲ့အရေးပေါ်ကားတခါးဖွင့်လိုက်ချိန်မှာတော့ နပ်စမတစ်ယောက်နဲ့ ဆေးရုံခြုံလွှာ ပါးပါးလေး အုပ်ထားတဲ့ လူနာကုတင်ပေါ်က လူနာတယောက်ရယ် တွေ့လိုက်ရသည်။ ဟာ ဦးကော ပါလာပြီ။ ဟုတ်လား၊အသေချာကြည့်လိုက်တော့ ဟုတ်ပါတယ်။ ဘေးကသူငယ်ချင်းပြောတဲ့အတိုင်း ကြည့်လိုက်တော့ ကုတင်ပေါ်က ဦးကော ဆိုတာသဲသဲကွဲကွဲသိလိုက်ပြီ။ အခြေနေကို အရမ်းသိချင်သည်။ ကားလေး စထွက်ထွက်ချင်းဘဲ နစ်မလေးကိုမေးရတော့သည်။ ငါတို့အတူတူလာတာပါ။ အခြေနေဘယ်လိုလဲ မေးရသည်။နစ်မလေးကလဲ အံ့သြဟန်နဲ့ အော် ကောင်းပါတယ်ပြောပြီး ကိုယ်အောက်ပိုင်းကို ညွန်ပြသည်။ အင်္ဂလိပ်လိုကော၊ထိုင်းလိုကော ပြောလိုက်တာ လိုရင်းကို မရောက်နိုင်ပါဘူး။ မောင်ဥာဏ်စိတ်က သိချင်ဇော အားကြီးနေလို့လားတော့မပြောတတ်ပါ။ ထိုင်းလိုကိုယ်က မတတ်၊အီးလိုကျတော့ နစ်မရော ကိုယ်ရော သိပ်မကွာ ဖြစ်နေတော့ တော်တော်ခက်နေတယ်။ အခြေနေမှန်က မထွက်လာဘူးပေါ့။ မောင်ဥာဏ်တို့ တက္ကသိုလ်က ဆရာတစ်ယောက်စကားကိုလဲ ပြေးအမှတ်ရလိုက်သေးတယ်။ သူ့စာသင်ခန်းချိန်မှာ မောင်ဥာဏ်တို့တပည့်တွေကို အားမရတော့- မင်းတို့က ထိုင်းလိုကျတော့လဲ မိုက်လူးရီးယမ်း(ဘာမှမသိ)၊ အင်္ဂလိပ်လိုကျတော့လဲ မိုက်ခေါက်ကျိုင်(ဘာမှနားမလည်)၊ဆရာဘယ်လိုသင်ပြရမလဲ၊အဲဒီလိုပြောပြီး စာသင်ခန်းက စိတ်ပျက်စွာထွက်ခွာသွားခဲ့ဘူးတယ်လေ။ အခုလဲ လူနာအခြေနေမေးတော့ ဒီတိုင်းဖြစ်နေ တာပေါ့။ မောင်ဥာဏ်လဲ စိတ်မရှည်တော့ပါ။ ကိုယ်အောက်ပိုင်းကို ညွန်ပြနေတာနဲ့အစိမ်းရောင် ခြုံလွာပါးလေးကို အသာမကြည့်လိုက်မိတယ်။ အောက်ပိုင်းတခုလုံး သွေးစွန်းနေတာကို တွေ့လိုက်တော့ အိုးဟို လို့သာ အာမေဋိက်သံထွက်ပြီး စိတ်တွေလေးလံသွားပါတော့တယ်။ ဦးကော ကတော့ ဆေးရှိန်ကြောင့် ထင်ပါရဲ့။ မျက်လုံးလေးမှေးလက်စအတိုင်းသာပေါ့။ တယောက်ကိုတယောက်စကားမပြောကြတော့ဘဲ ခရီးဆက်နေကြရော့ပေါ့။ အရေးပေါ်ကားလေးကတော့ သုဘရာဇာနဲ့နာမည်သာကွဲပြီး ခန္ဓာကိုယ်ကို ကိုင်တွယ်ပုံချင်းတူတဲ့ ဆရာဝန်ဒေါက်တာတို့မွေ့လျော်ရာ မဟာလပ်(MAHARAT)ဆေးရုံဆီသို့ အရှိန်မပျက် မောင်းနှင်လျက်ပေါ့။ မောင်ဥာဏ်လဲ အေးနေတဲ့ ကားအဲယားကွန်းကို လျော့ခိုင်းပြီး မရဏမင်းတို့၏ အစိုးမရပုံ၊မသိနိုင်ပုံ၊လင်္ကာမြန်မာပြန်လေးက ခေါင်းထဲဝင်လာခဲ့ပါတော့တယ်။
- နေ့ချိန်၊ညချိန်၊နံနက်ချိန် သေချိန်မသိနိုင်။
- ဘယ်သက်ရွယ်မှာ၊ ဒို့သူငါ၊ သေမှာမသိနိုင်။
- မည်သည့်အနာ၊ ဘယ်ရောဂါ၊ သေမှာမသိနိုင်။
- မည်သည့်သုဿန်၊ ဘယ်ရပ်ထံ၊ မြုပ်ရန်မသိနိုင်။
- လားရာဂတိ၊ မြဲမရှိ၊ ရောက်ဘိမသိနိုင်။

