လှလိုက်ပါတဲ့သူ့နာမည်...သို့သော်


မြန်မာတို့ရဲ့ နှုတ်ဖျားမှာ ပညတ်သွားရာ ဓာတ်သက်ပါ ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ ဆိုလိုတဲ့အဓိပ္ပါယ်ကတော့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ အောင်မြင်မှု ရှုံးနိမ့်မှု၊ ကျော်ကြားမှု မကျော်ကြားမှု၊ ကြီးပွါးတိုးတက်မှု ဆုံးရှုံးမှု စတာတွေရဲ့အကြောင်းတရားဟာ ထိုသူနှင့်ဆက်စပ်နေတဲ့ ပြောဆိုသုံးနှုံးမှု အမည်တွေအပေါ်မှာ အခြေခံပြီးဖြစ်ပေါ်လာခဲ့တယ်ဆိုတဲ့ ယုံကြည်မှုဖြစ်ပါတယ် ။ တစ်ခါတရံ ပါးစပ်ဖျားက
အမှတ်တမဲ့ ထွက်သွားမိတဲ့ အခါမျိးတွေမှာတိုင် ဖြစ်လာမယ့်အကျိုးရလာဘ်ရဲ့ ကောင်း မကောင်းဆိုတာကို ကြိုပြီးခန့်မှန်း ပြောဆိုတတ်ကြပါသေးတယ်။ ဒါကို ပညတ်သွားရာ ဓာတ်သက်ပါတယ်လို့ ခေါ်ပါတယ်။ အဲဒီအယူစွဲသည်းမှုတွေကို မြန်မာ့ လူအသိုင်းအ၀ိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည့်ထားကြတာလဲဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း မိမိတို့ရဲ့ သား သမီးများကို နာမည်ပေးကြတဲ့အခါမျိုးတွေ၊ လုပ်ငန်းတစ်ခု အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် အဲဒီလုပ်ငန်းရဲ့ အမည်တွေကိုပေးကြတဲ့အခါမျိုးတွေမှာ မိမိတို့ထက် တတ်သိနားလည်သူတွေ ဗေဒင်ဆရာတွေ စတာတွေနှင့် တိုင်ပင်ပြီး နာမည်တွေကို ပေးနေကြတာပဲ မဟုတ်ပါလား။ ဒါပေမယ့် ပေးထားတဲ့အမည်နှင့် ရလာဒ်တွေကကော ကိုက်ညီကြပါရဲ့လား။ ဒါကတော့ မေးစရာပါ။
နာမည်က အရိယ လုပ်တဲ့ လုပ်ငန်းက တံခါသည်၊ အမည်ကတော့ အသောက၊ ရှိသမျှ ညီတော် နောင်တော်တွေအားလုံးနီးပါးကို သတ်ပြီး မင်း တက်လုပ်ခဲ့ရတော့ လက်ရှိမှာကြုံတွေ့ ခံစားနေရတာက စိတ်ပူလောင်မှု သောက ဆိုတာမျိုးတွေ ၊ ပေးထားတဲ့နာမည်က မောင်ချမ်းသာ စားသောက်ရတာက မ၀ရေစာ၊ ၀တ်စရာဆိုလို့ အရှက်လုံတယ်ဆိုရုံ စတဲ့ စတဲ့ အမည်နဲ့ ရလာဒ် မကိုက်ညီတာတွေကလည်း အများသားပါပဲ။ ဆိုလိုချင်တာကတော့ လုပ်သင့် လုပ်ထိုက်တာတွေကို ဘာမှမလုပ်ပါပဲ ကိုယ့်ရဲ့အမည်လေးတစ်ခုကိုမှီပြီး ယုံကြည်စိတ်ချနေလို့ မရနိုင်ဘူးဆိုတာကို ပြောပြချင်တာပါ။ လက်တွေ့လုပ်ဆောင်မှုရဲ့ နောက်မှာ အနည်းနဲ့အများ အနှေးနဲ့အမြန် ဆိုတာလို အကျိုးရလာဒ်တွေက အကောင်အထည်အဖြစ် ပေါ်လာမှာပဲဖြစ်ပါတယ်။ ဒါကို ဘာသာရေးရှုထောင့်ကပြောရရင် ကံဆိုတာပဲမဟုတ်ပါလား။ စေတနာအရင်းခံနဲ့ တွေးတော ပြောဆို လုပ်ဆောင်မှု ဆိုတာတွေဟာ ကံတရားပဲလေ။ ကံကို ယုံပါတယ်ဆိုပြီး လုံလောက်တဲ့ကာကွယ်မှုမပါပဲ မီးပေါ်ခုန်ချရင် ပူတာပဲရှိတော့မယ်ပေါ့။ မပူအောင်ဆိုရင်တော့ မပူနိုင်တဲ့ နည်းတစ်မျိုးမျိုးကိုတော့ လုပ်ဆောင်ရပါလိမ့်မယ်။ ဒေါက်တာက တော်လှပါတယ်ဆိုပြီး သူကို ထိုင်ပြီးရှိခိုးနေရုံနှင့် ရောဂါက ပြောက်လာတာမှ မဟုတ်တာ။ သူ့ညွှန်ကြားချက်အတိုင်း လိုက်နာပြီး ရှောင်ရန် ဆောင်ရန်တို့ကို လက်တွေ့လုပ်ဆောင်မှသာ ရောဂါက သက်သာပြောက်ကင်းမှာပဲဖြစ်ပါတယ်။
ယခုလို အမည်ပညတ်နှင့် ရလာဒ် ဖီလာဆန့်ကျင်ဖြစ်နေကြ သူတွေများထဲက အချို့ကိုပြပါဆိုရင် ခပ်ဝေးဝေးကို သွားကြည့်ဖို့လိုမယ်မထင်ပါဘူး။ မြန်မာနိုင်ငံက စစ်အုပ်စုကိုပဲကြည့်ပါ။ သူတို့ ရယူထားတဲ့နာမည်က နအဖ (နိုင်ငံတော် အေးချမ်းသာယာရေးနှုင့်ဖွံ့ဖြိုးရး ကောင်စီ) တဲ့လေ။ နိုင်ငံတော်ကြီး ဘယ်လောက် အေးချမ်းလို့ ဘယ်လောက်သာယာနေပြီလဲ၊ ဘယ်လောက်များ ဖွံ့ဖြိုးတိုးတက်နေပြီလဲ။ စကားလုံး အသုံးအနှုန်းတွေက သိပ်လှပေမယ့် ပြည်သူတွေခမျာတော့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဒုက္ခ သုက္ခမျိုးစုံတွေကို ခါးစည်းခံစားကြရလို့သာနေပါတယ်။ ဒီနေရမှာစာရေးသူတို့အနေနဲ့က နိုင်ငံတော် ဆိုတာကို တိုင်းရင်းသားပြည်သူတွေအားလုံး စုပေါင်းနေထိုင်တဲ့ ပြည်ထောင်စုကြီးတစ်ခုလုံးလို့ နားလည်ထားတာပါ။ ဒါပေမယ့် နအဖစစ်အုပ်စုကတော့ နိုင်ငံတော်ဆိုတာ လက်နှက်နဲ့ အာဏာကို မတရားရယူထားကြတဲ့ အုပ်ချုပ်သူ လူတန်းစားအချို့အတွက်သာဖြစ်တယ်လို့ နားလည်ထားကြပုံပေါ်ပါတယ်။ အဲဒီလို အထင်ရောက်နေခဲ့မယ်ဆိုရင်လည်း နာမည်နဲ့ရလာဒ်က တူမျှတဲ့ အဖြေမျိုးမဖြစ်နိုင်ပါချေ။ ဘာကြောင့်လဲဆိုတော့ သူတို့တတွေရဲ့ ဆွေမျိုးတစ်သိုက် စီးပွားရေးစတဲ့ ရုပ်ပိုင်းဆိုင်ရာတွေမှာ ဘယ်လောက်ပဲ ချမ်းသာကြွယ်ဝ တိုးတက်လို့နေပါစေ စိတ်ပိုင်းဆိုင်ရာမှာတော့ အေးချမ်းသာယာနေလိမ့်မယ်လို့ မယူဆလို့ပါပဲ။
တိုင်းပြည်တစ်ခု အေးချမ်းဖို့တို့ ငြိမ်းချမ်းဖို့တို့ ဆိုတာကို လက်နက်နဲ့ချည်းမိုးပြီး အုံဖွလို့ မန်းမှုတ်နေရုံနဲ့ ရတဲ့အရာမျိုးမဟုတ်ပါချေ။ နှိပ်စက်မှုတွေ ဖိနှိပ်မှုတွေ အနိုင်ကျင့်မှုတွေဟာ တဖက်သူရဲ့ တန်ပြန်ခုခံမှုတွေကို လက်ယပ်ခေါ်သလို ဖြစ်နေစေပြီးတော့ အကြင်နာမေတ္တာတရားကတော့ အမိန့်နာခံမှု အပြန်အလှန်လေးစားမှု စတာတွေကို ကြိုဆိုလို့နေပါတယ်။ လက်နက်နဲ့ တဖက်သတ်အနိုင်ယူပြီး ရရှိလာတဲ့ အောင်ပွဲက စစ်မှန်တဲ့ ငြိမ်းချမ်းမှုးမျိုးကို မဖော်ဆောင်နိုင်ပါဘူး။ ခံရသူတွေဖက်က ဘယ်တော့များ ဘယ်ပုံစံမျိုးနဲ့ လက်တုန့်ပြန်လိမ့်အုံးမလဲ ဆိုတာကို အချိန်တိုင်း တွေးပူနေ၇တာမျိုးပါ။ ငြိမ်းချမ်းရေးဆိုတာကလည်း တဖက်သတ် ငြိမ်းချမ်းရေးလို့ ရွတ်ဆိုနေရုံမျှနှင့် တကယ်တန်း ငြိမ်းချမ်းသွားတာတော့မဟုတ်ပါချေ။ ဒါကြောင့် လက်နက်နှင့် ငြိမ်းချမ်းရေးကို လဲလှယ်တယ် ဆိုတဲ့နေရာမှာ တဖက်က လက်နက်ကိုပေးရင် တဖက်ကလည်း စစ်မှန်တဲ့ ငြိမ်းချမ်းမှုမျိုးကို ပြန်ပေးနိုင်မှ ငြိမ်းချမ်းမှုက ခိုင်မြဲလို့နေမှာပါ။ ပင်ကိုယ်ကမှ ငြိမ်းချမ်းလိုစိတ်မရှိသူတွေ ငြိမ်းချမ်းရေးဆိုတာကို တန်ဖိုးမထားတတ်သူတွေဆီမှာ ငြိမ်းချမ်းရေးလုပ်တော့ တစ်ဖက်နဲ့ တစ်ဖက် သံသယစိတ်တွေ ပွားနေရတာကလွဲလို့ ပိုလိမ့်မယ်လို့မထင်ပါဘူး။ ဒါကြောင့်မို့ အမည်ပညတ်လေးက ဘယ်လိုပဲကောင်းစေတော့ ၄င်းအမည်ပညတ်အတွက် ထိုက်တန်တဲ့ လုပ်ဆောင်မှုမျိုးမပါရင် ဓာတ်သက်လို့ဆိုတဲ့ နောက်ဆက်တွဲအကျိုးသွားက အလိုအလျောက် လိုက်လို့လာမှာမဟုတ်ဘူးလို့ ဆိုလိုချင်တာပဲဖြစ်ပါတယ်။
တစ်ဦးနှင့်တစ်ဦး တဖွဲ့နှင့်တဖွဲ့ ဆက်ဆံရေးမှာ စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို ဦးတည်လိုပါတယ်ဆိုရင် ရိုးသားဖြောင့်မတ်မှု သဘောထားကြီးမှု ကိုယ်ကျိုးစွန့်အနစ်နာခံမှု အပြန်အလှန်လေးစားမှု စစ်မှန်တဲ့ လွတ်လပ်ရေးကို ချစ်မြတ်နိုးမှု စတာတွေအပေါ်မှာ အခြေခံရမှာပဲဖြစ်ပါတယ်။ ဒါတွေကပဲ စစ်မှန်တဲ့ မျိုးချစ်စိတ်ဓာတ်ရဲ့ အခြေခံ အကြောင်းတရားတွေမဟုတ်ပါလား။ ဒီအကြောင်းတရားတွေအပေါ်မှာ အခြေမတည်ခဲ့ပါရင် မျိုးချစ်စိတ်ဆိုတာကိုကော ဘယ်လိုတည်ဆောက်လို့ရနိုင်ပါ့မလဲ။ ၄င်းအင်္ဂါရပ်တွေကို အခြေခံထားတဲ့ ငြိမ်းချမ်းရေးသည်သာလျှင် ထာ၀၇ရှင်သန်လို့နေမှာပါ။ ဒါကြောင့်မို့ စစ်မှန်တဲ့ ငြိမ်းချမ်းေ၇းမျိုးကို တည်ဆောက်ကြရာမှာ လက်နက်နဲ့ချည်း တည်ဆောက်လို့မရနိုင်ဘူးဆိုတာကို သိစေချင်ပါတယ်။
ရှေးဘုရင်များလက်ထက် ခေတ်အဆက်ဆက်ကိုကြည့်မယ်ဆိုရင် အဖေဘုရင်ကို သားက သတ်ပြီး နန်းသိမ်းပွဲကြီးတွေကို ဆင်နွဲခဲ့ကြတာတွေ ညီတော်နောင်တော်အချင်းချင်း ထီးနန်းလုကြရတာတွေ စတဲ့ နိုင်ရာစား လုပ်လာခဲ့ကြတာတွေကို သိမြင်ကြရမှာဖြစ်ပါတယ်။ အဆိုပါဘုရင်စနစ်ဆိုတာကလဲ ယနေ့ခေတ် အာဏာရှင်စနစ်လိုပါပဲ၊ သဘောထားခြင်း မတိုက်ဆိုင်သူမှန်သမျှကို ရာဇ၀တ်သားအဖြစ်သတ်မှတ်ပြီး အမှန်တရားဆိုတာကို ဘုရင်ရဲ့ သံလျှက်သွားနဲ့သာ ဆုံးဖြတ်လို့ ကြီးလေးတဲ့အပြစ်ဒဏ်တွေကို ပေးခဲ့ကြတာပါ။ ဒါကြောင့်မို့လည်း မကျေနပ်မှုတွေကို အခြေခံတဲ့ သူပုန်ထမှုတွေ နန်းတွင်းပုန်ကန်မှုတွေ အခြားရာဇ၀တ်ပြစ်မှု ကြူးလွန်မှုတွေကို ဘုရင်အဆက်ဆက် ရင်ဆိုင်ခဲ့ကြရတာပဲ မဟုတ်ပါလား။ ဒါတွေဟာ ပြဿနာအရပ်ရပ်ကို ကျိုးကြောင်းဆီလျော်စွာ မစဉ်းစား မဆုံးဖြတ်ပဲ ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်မှုတွေကနေ တဆင့်သာ ကျော်လွှားလွန်မြောက်ဖို့ ကြိုးစားခဲ့ကြတာကြောင့်ပဲဖြစ်ပါတယ်။
အဲဒီအကြောင်းအရာတွေနဲ့ ဆက်စပ်ပြီး မြတ်စွာဘုရားက ဒီဃနိကာယ် ကူဋဒဏ္ဍသုတ်မှာ ရာဇ၀တ်မှုကင်းစင်ရေး နည်းလမ်းကောင်းများကို ညွှန်ကြားတော်မူခဲ့ပါတယ်။ ဗုဒ္ဓလမ်းညွှန်ပြတော်မူခဲ့တာက တိုင်းပြည်တစ်ခုမှာ ငြိမ်းချမ်းမှုရှိစေချင်တယ် ရာဇ၀တ်ပြစ်မှုတွေက ကင်းစင်စေချင်တယ် တိုင်းပြည်ကြီး သာယာဝပြောစေချင်တယ်ဆိုရင် လူအများရဲ့ စီပွားရေး အခြေအနေတွေကို မြှင့်တင်ပေးရမယ် ၊ လယ်ယာစိုက်ပျိုးရေး လုပ်သူများကို ၄င်းတို့နှင့်ဆက်စပ်တဲ့ အသုံးအဆောင်ပစ္စည်းစတာတွေကို ထောက်ပံ့ကူညီမှုတွေပေးရမယ်၊ ကုန်သွယ်ရေးလုပ်သူများကို အရင်းအနှီး စိုက်ထုတ်ပေးတာမျိုးတွေ နိုင်ငံဝန်ထမ်းများကိုလည်း လုံလောက်တဲ့ ၀န်းထမ်းလစာပေးတာမျိုးတွေကို တိုင်းပြည်အုပ်ချုပ်သူတွေက လုပ်ဆောင်ပေးရမယ်ဆိုပြီး အကြံပြုတော်မူခဲ့ပါတယ်။ အဲဒီနည်းအတိုင်း အုပ်ချုပ်မယ်ဆိုရင် တိုင်းသူပြည်သားတွေဟာ စားဝတ်နေရေး စတဲ့အခြေခံလိုအပ်ချက်တွေမှာ စိုးရိမ်ကြောင့်ကြမနေရပဲ အပူအပင်ကင်းမဲ့စွာနဲ့ အေးအေးချမ်းချမ်း နေနိုင်ကြလိမ့်မယ်၊ အကျိုးဆက်အဖြစ် ရာဇ၀တ်မှုတွေ ကင်းစင်ပြီး တိုင်းပြည်ကြီး အေးချမ်းသာယာဝပြောပါလိမ့်မယ်လို့ မိန့်မှာတော်မှုခဲ့ပါတယ်။
ဒီလိုဆိုရင် ယနေ့မြန်မာပြည်က လက်ရှိအခြေအနေတွေနဲ့ ဆန့်ကျင်မနေပေဘူးလား။ မြန်မာပြည်မှာ ဖြစ်နေတာက ထမင်းငတ်လို့ ငတ်နေပါတယ်လို့ ပြောသူတွေကို ဖမ်းဆီးပြီး ကြီးလေးတဲ့ပြစ်ဒဏ်တွေချမှတ်၊ ကိုယ့်ပြည်သူတွေ ထမင်းငတ်နေတာကို မကြည့်ရစ်လို့ ပြည်သူတွေကိုယ်စား လမ်းမပေါ်ထွက် မေတ္တာပို့ပြီး ဆန္ဒပြခဲ့ကြတဲ့ ရဟန်းသံဃာတော်တွေကို သေနပ်နှင့်ပြစ်သတ်၊ မသေပဲ ကျန်ရစ်သူတွေကြတော့ ဘာသာတရားကို အကြည်ညိုပျက်အောင်လုပ်မှုတို့ ဆူပူအောင်လုပ်မှုတို့ စတဲ့ အဓိပ္ပါယ်ကင်းမဲ့တဲ့ စွပ်စွဲချက်တွေနဲ့ ပြစ်ဒဏ်တွေချမှတ် ဆိုတော့ တိုင်းပြည်အေးချမ်းစေကြောင်း နည်းလမ်းတွေနဲ့ကတော့ ဖီလာကန့်လန့် ဖြစ်လို့သာနေပါတော့တယ်။ ဒီကြားထဲ ဘာသာတရားက နိုင်ငံရေးနှင့်မဆိုင်ဘူးဆိုပြီး သံရောင်လိုက် အော်ပြနေကြပြန်သေးလေတော့ အထက်ပါမြတ်စွာဘုရားရဲ့ တရားတော်တွေရဲ့ အဓိပ္ပါယ်တွေကိုတိုင် ပြောင်းပြန်လှန်ရတော့မလို ဖြစ်နေပါတယ်။ အတွေးအခေါ်တွေက သူတော်ကောင်းတရားတွေနဲ့ ဖီလာဖြစ်နေတာကြောင့် လုပ်ဆောင်ချက်တွေကလည်း သူတော်ကောင်းတရားတွေနဲ့ ပြဒါးတလမ်း သံတလမ်းဆိုတာလို ဖြစ်လို့သာနေပါတော့တယ်။
ရဟန်းတော်တို့ရဲ့ ၀ိနည်းသိက္ခာပုဒ်တစ်ခုထဲမှာ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ အဖွဲ့အစည်းမျိုးဖြစ်ဖို့ လိုက်နာအပ်တဲ့ အချက်နှစ်ချက်ကို မြတ်စွာဘုရားက ညွှန်ပြတော်မူခဲ့ပါတယ်။ အဆိုပါညွှန်ကြားချက်ရဲ့ ဆိုလိုရင်းအဓိပ္ပါယ်ကတော့ ဘယ်လိုအုပ်စု အဖွဲ့အစည်းဖြစ်စေ အတွင်းပိုင်းမှာ အရှုပ်အထွေးပြဿနာတွေ ရှိနေမယ်ဆိုရင် အဲဒီအဖွဲ့အစည်းဟာ တိုးတက်မှုတို့ အေးချမ်းမှုတို့ဆိုတာ မရှိနိုင်ဘူး။ အဲဒီပြဿနာ အရှုပ်အထွေးတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ကျော်လွှား လွန်မြောက်မှသာလျှင် အေးချမ်းပြီး သာယာဝပြောတဲ့ အဖွဲ့အစည်းတစ်ခုဆိုတာ ဖြစ်လာနိုင်တယ်။ ၄င်းပြဿနာအရှုပ်အထွေးတွေက လွန်မြောက်ဖို့ဆိုရင်တော့ အချင်းချင်း တွေ့ဆုံညှိနှိုင်းပြီး အဖြေရှာတဲ့နည်းကသာ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဟောတော်မူခဲ့ပါတယ်။ ထို့အပြင် ဇာတ်တော်တွေထဲမှာလည်း အချင်းချင်းငြင်းခုံကွဲပြားနေမှုမှာ ချမ်းသာမှုဆိုတာမရှိနိုင်ဘူးလို့ ဟောတော်မူခဲ့ပါသေးတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်၊ ငြင်းခုံမှုက မိမိရဲ့ပုဂ္ဂလိက အတ္တမာနကို အခြေခံထားတာဖြစ်လို့ မိမိကိုယ်တိုင်ကလည်း ပင်ပန်းရသလို အများအတွက်လည်း ကောင်းကျိုးဆိုတာ မဖြစ်စေနိုင်ပါဘူး။ ဆွေးနွေးတိုင်ပင်မှုကတော့ အချင်းချင်းနားလည်မှုတို့ မေတ္တာတရားတို့ ဆိုတာကို အခြေခံထားတာကြောင့် ဆွေးနွေးနေဆဲကာလ အတွင်းမှာပင် စိတ်နှလုံးငြိမ်းချမ်းမှုကို ဖြစ်စေနိုင်ပါတယ်။
ဒီအခြေခံအချက်အလက်တွေကို လေ့လာသုံးသပ်သောအားဖြင့် တိုင်းပြည်နှင့် အဖွဲ့အစည်းတစ်ခုမှာ အေးချမ်းသာယာဖို့တို့ ဖွံ့ဖြိုးတိုးတက်ဖို့တို့ ဆိုတာကို အချင်းချင်းအပြန်အလှန်လေးစားမှုတို့ ရိုးသားမှုတို့ဆိုတာတွေကို အခြေခံပြီး ပြဿနာတွေကို ဆွေးနွေးညှိနှိုင်းတိုင်ပင်မှုကနေ တဆင့်သာလျင်ရရှိနိုင်ပါတယ်။ အချင်းချင်း ကျေနပ်မှုရှိကြမှသာလျှင် ရေရှည်ခံတဲ့ အေးချမ်းမှုတို့ ငြိမ်းချမ်းမှုတို့ဆိုတာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီဆိုတဲ့ အမည်နာမပညတ်ရဲ့နောက်မှာ စစ်မှန်တဲ့ အေးချမ်းသာယာမှုတို့ ဖွဲ့ဖြိုးတိုးတက်မှုတို့ဆိုတာတွေ ဖြစ်ပေါ်လာဖို့ဆိုရင် တရားနည်းလမ်းကျတဲ့ လက်တွေ့သဘောဆန်တဲ့ အလုပ်တွေကိုသာ လုပ်ဖို့လိုအပ်လှပါကြောင်း တင်ပြလိုက်ရပါတယ်။ 
သခင်နွယ်(MSMA)
0 Responses

    နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
    ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ
    ကောင်းသတင်းများ ဖိနပ်စီးနေချိန်မှာ မကောင်းသတင်းများက ကမ္ဘာပတ်နေပြီ။
    ပြဿနာအခက်ခဲအတွက် ထွက်ပေါက်ကိုသာ စဉ်းစားခြင်းမပြုဘဲ၊ ဖောက်ထွက်ဖို့သာ စဉ်းစားစေချင်ပါတယ်။ ဆရာ ဦးဝင်းတင်