နယ်နိမိတ်ခြားသည် နိုင်ငံမခြားပါ (၃)


လေဆိပ်ကားဂိတ်ရထားဂိတ်မှာ ယာယီကျောင်းအဖြစ်အခန်းလေးတွေ သီးသန့်သတ်မှတ်ထားလေ့ရှိပေမယ့် သူနိုင်ငံသူဓလေ့နဲ့တော့ ဟန်ချက်ညီလှတယ်လို့ဆိုရပါမယ်။ ဘာကြောင့်လဲဆိုတော့ သာသနာ့ဝန်ထမ်းများကို လူတို့နေထိုင်ရာ တိုက်ခန်းတို့၊အိမ်တို့မှာ ခရီးကြွရင်း ယာယီသီတင်းသုံးတာကိုကျတော့ ထိုင်းလူမျိုးတွေရဲ့အမြင်မှာ မကျေမလည်ဖြစ်နေကြလို့ပါ။ အမြဲလို တလခန့်၊နှစ်လခန့် တည်းခိုသီတင်းသုံးဖို့ဆိုတော့ ပိုဝေးပြန်ရော။
သွားရင်းလာရင်းဧည့်သည်အဖြစ် မိမိနီးစပ်ရာ အလှူရှင်များ၏ အိမ်ကိုခဏဝင်တာပင် ထိုင်းရဲများက မျက်စောင်းထိုးနေလေ့ရှိပါတယ်။ ဒါကြောင့် မြန်မာစာသင်ရဟန်းတော်တွေ ထိုင်းကိုရောက်လာရင် ကျောင်းကရှာမရ၊ အိမ်မှာက ကြာကြာတည်းမရဆိုတဲ့ ပြဿနာအခက်ခဲ တွေ့လေ့ရှိပါတယ်။

ဖြစ်တော့လဲဖြစ်နိုင်ပါတယ်။ သူ့ဓလေ့နဲ့သူ့ထုံးစံပေါ့။ ကိုယ့်အိမ်မှာကိုးကွယ်တဲ့ ဆင်းတုတော်သီတင်းသုံးရာ ဘုရားကျောင်းဆောင်ကိုပင် မိမိတို့အိမ်ရဲ့လှေခါးအတက်၊သို့မဟုတ် ခြံ၏ ထောင့်တနေရာတွင်သာ သီးသန့်ထားလို့ကိုးကွယ်ကြတာကိုး။ စာရေးသူတို့အမိမြေမှာဆိုရင်တော့ အိမ်ဦးခန်းပေါ့။ ကွာလာတဲ့ ကိုးကွယ်မှုလေးတွေပါ။ တဘက်ကအားသာလိုက်၊တဘက်ကအားနည်းသလိုရှိလိုက်နဲ့ တရားတော်နဲ့လျော်ညီစွာကျင့်သုံးနိုင်သူကသာ ဘုရားညွန်ပြတဲ့အတိုင်း ချမ်းသာစစ်ကိုနီးမှာဘဲလို့ ယူဆမိတယ်။ ကိုးကွယ်မှု အမူရာတွေက မဓာနတော့မကျပါ။

နောက်ထပ်တမူထူးနေတာက ထိုင်းနိုင်ငံရှိ ဘုန်းတော်ကြီးကျောင်းများမှာ မြေဧရိယာ၊နေရာထိုင်ခင်း ကျယ်ဝန်းနေခြင်းပါဘဲ။ ကျောင်းမှန်သမျှ သန့်ရှင်းသပ်ရပ်မှုရှိသလို၊အနေထားကလဲ ရောက်လာသူအားလုံး စိတ်ချမ်းမြေ့စွာနဲ့ လွင်သာမြင်သာရှိလှပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့နိုင်ငံရဲ့မူအရ အကျယ်ဝန်း၊ဧရိယာပြည့်မှီမှ ကျောင်းတည်ဆောက်ခွင့်ပြုထားခြင်းကြောင့်ပါဘဲ။ ဒီအချက်တင်မကပါဘူး၊ သိမ်အသစ်ဆောက်လျင် ဘုရင်ရဲ့ခွင့်ပြုချက်ကိုပင် ယူရပါတယ်။ ခွင့်ပြုချက်မရလျင် တည်ဆောက်ခွင့်မရှိပါ။ ဟုတ်ပါတယ်။ ဘုရင်ကား ဘူမိမြေပိုင်ရှင်ပင်တည်း။ သိမ်ဆိုသည်ကား လွယ်ကူစွာဆောက်ခွင့်မရနိုင်သလို လွယ်ကူစွာဖျက်လို့မရကောင်းသောအရာတွင်တခုအပါဝင်ဖြစ်သည်။ မိမိတို့အမိမြေမှာတော့ သိမ်တော့မလွယ်ပါ၊ကျောင်းဝိုင်းဧရိယာကတော့ ပြေးကြည့်လိုက်ရင် ရှင်းနေရော့ပေါ့ဆိုတာလိုဖြစ်နေတယ်လေ။ ခေတ်ပြောင်းလာတော့ တိုက်ကြီးများလောက်သာ လွင်သာမြင်သာရှိလှတော့သည်။

ပြီးတော့ အမိမြေမှာအံ့သြစရာကောင်းတာက ရဟန်းတော်တွေ့ရင်ဦးချပါ၊ဖိနပ်ချွတ်ပါ၊လက်အုပ်မိုးပါ ဆိုတဲ့ဓလေ့လေးပေါ့။ ထိုင်းနိုင်ငံမှာလဲ ဒီဓလေ့လေးက မွေးဖွားလာတဲ့ သာသနာ့အနွယ်ဖွားတိုင်း ထပ်တူရှိနေကြပါတယ်။ ဘာကြောင့်အံ့သြစရာကောင်းနေရတာလဲဆိုတော့ ထိုင်းကလူတွေက ဝတ်ကျေတန်းကျေဆိုတဲ့သဘောကိုအခြေခံနေလို့ ပါ။ ထိုင်းနိုင်ငံတွင် သာသနာနွယ်ဝင် ရဟန်းတော်၊သာမဏေများဖူးတွေ့မြင်ရတိုင်း အမိမြန်မာမြေထက်  အဆပေါင်းများစွာလက်အုပ်ချီဖို့ဝန်မလေးကြပါ။ သို့သော် လက်အုပ်ချီဆို ချီရုံသက်သက်ပါ။ ဒီထက်ပိုပြီး ဘာသာရေးအတွက်လေးနက်တဲ့အတွေးမရှိနိုင်ပါ။ ကားစီးလို့သွားသွား၊ဆိုင်ကယ်စီးလို့သွားသွားပါ။ မြင်တဲ့နေရာတိုင်းမှာ လက်အုပ်ချီမိုးရှိခိုးကြပါတယ်။ ကျောင်းကန်ဘုရား အဆောက်ဦးကြီးကြီးတွေ့ရရင်ပင် လက်အုပ်ချီနေကြပါတယ်။ လေးနက်တဲ့အတွေးမရှိနိုင်ဘူးလို့ပြောရတာက လက်အုပ်ချီပြီးသွားရင် သူ့တို့ဆန္ဒပြည့်စုံသွားပြီ၊ တာဝန်တခု ပြီးဆုံးသွားပြီလို့ ယူဆပြီး ကိုယ့်သဘောနဲ့ကိုယ်အတိုင်း ပြောဆိုပြုမူနေကြတာကို တွေ့ရလို့ပါ။

စာရေးသူ ထိုင်းသို့ရောက်ခါ ဧရာမကျောင်းတိုက်ကြီးအတွင်းမှာတည်းခိုနေရင်း ပွဲလမ်းသဘင်(ဘုရားပွဲ)တခုနဲ့ ဆိုက်မြိုက်မြိုက်ကြုံပါတယ်။ ကျောင်းကန်ဘုရားအတွင်းမှာထုံးစံအတိုင်း သီလယူကြ၊လှူဖွယ်ဆက်ကပ်ကြပြီးတော့ ရဟန်းတော်များနဲ့ ပေ နှစ်ဆယ်ဝန်းကျင်လောက်အကွာဝေးရောက်တော့ သူ့တို့ခါးမှာ အသင့်ပါလာတဲ့ ဘီယာအရက်စသည်တို့ကို အော်ဟစ်သောက်စားနေကြပါတော့တယ်။ စာရေးသူလဲ အနားရှိ ဒုလ္လဘရဟန်းတပါးကို မေးကြည့်တော့ သူကရှင်းပြပါတယ်။ ဘုန်းကြီးတွေကိုအရိုသေပေးပြီးပြီတဲ့။ ပြီးသွားပြီဆိုတဲ့သဘောပေါ့။ မိန်းကလေးရော၊ယောင်္ကျားလေးရော ဒီနည်းအတိုင်းဘဲ လှုပ်ရှားဆောင်ရွက်၊ပြုမူနေကြပါတယ်။ ဒါကြောင့်မို့ ယဉ်ကျေးမှုအရ လက်အုပ်ချီခြင်းကို မြန်မာနိုင်ငံထက် ဟန်ပါပါဆောင်ရွက်တတ်လေ့ရှိပေမယ့် နက်နက်ရှိုင်းရှိုင်းကတော့ အများစု မရှိလှပါဘူး။ သရုပ်ဆောင်သဘောကသာ အားကြီးပါတယ်။

နောက်တခုကတော့ နံနက်ပိုင်းဆွမ်းခံကြွကြတဲ့ဓလေ့ခြင်း တူညီပါတယ်။ လောင်းလှူသူရဲ့စိတ်မှာ ခံယူထားတဲ့အတွေးခြင်းကွာခြားလှပါတယ်။ အမိမြေမှာတော့ ရဟန်းတော်၊သာမဏေဆွမ်းခံကြွလာရင် သဒ္ဓါစွမ်းအားနိုင်သလောက်လောင်းလှူကြတာပါဘဲ။ ထိုင်းမှာတော့ ရဟန်းတော်များ ဥပမာ နှစ်ပါးလေးပါးစသည့်စုံတွဲ၊စုံဂဏန်းနဲ့ကြွလာရင် လောင်းလှူဖို့ တော်တော်စဉ်းစားပါတယ်။ ဘာကြောင့်လဲဆိုတော့ စုံဂဏန်းက လာဘ်နည်းတဲ့သဘောဆောင်လို့ပါတဲ့။ သူတို့စိတ်မှာ မ ဂဏန်းမှမဟုတ်ရင် ကျေနပ်မှုမရှိကြတော့ပါ။ ဘုန်းကြီးကို ရတနာကတုံးတွေလို့မမြင်တော့ဘဲ ယတြာ ကတုံးလို့ဘဲ သတ်မှတ်ထားလေသလားတော့မသိဘူးပေါ့။

သာရေးနာရေးပင့်ဆောင်ကြရာတွင်လဲ အနည်းဆုံး ကိုးပါးပင့်ဆောင်လေ့ရှိပါတယ်။ ပင့်ဆောင်မှုကတော့ အားတက်စရာပါ။ ဒါပေမယ့် ကိုးဂဏန်းမကိုက်ဘဲ စုံဂဏန်းအဖြစ် ဆယ်ပါး။ ၈ ပါးစသည်ဖြစ်လာရင်တော့ ခေါင်းကုတ်တော့တာပါဘဲ။ ဘုန်းကြီးဘဲ လှူလှူ၊ ဘုရားကိုဘဲ ပန်းကပ်ကပ် မဂဏန်းကိုသာ အဓိကထားလေတော့ ကောင်းတာလုပ်ကကောင်းကျိုးဖြစ်တယ်ဆိုတဲ့ ကံတရားကို ပဓာနမထားတော့ဘဲ ရတနာကတုံးတွေကနေ ယတြာကတုံးတွေဖြစ်၊ စေတနာကတုံးတွေနေ မာယာကတုံးတွေဖြစ်၊မာယာကတုံးတွေကနေ တဏှာကတုံးတွေ ဖြစ်ကုန်တော့တယ်လေ။ စုံတွဲသာ ဆွမ်းခံကြွလို့တော့ လောင်းမယ့်လက်ထဲက ဆွမ်းတွေပင် တန့်တန့်သွားတာ ယတြာသဘောက လှုံ့ဆော်နေတာကြောင့်ပေါ့။

ထိုင်းလူမျိုးအများစုက အဆောင်၊မန္တာန်လဲ အကြွင်းမဲ့ယုံကြည်အားကိုးလေ့ရှိကြပါတယ်။ ဘုရားရုပ်တု၊နတ်ရုပ်တု အဆောင်တွေ၊ဓါတ်တွေနဲ့ပတ်သက်လို့ ဈေးတန်းတွေပင်သီးသန့်ထားပြီး ရောင်းဝယ်ဖောက်ကားကြပါတယ်။ ထိုနည်းတူစွာ ရဟန်းတော်များကိုတွေ့ရင်လဲ အဆောင်ပေးမလားလို့မျော်လင့်ထားကြသလို တောင်းခံယူကြတာလဲ အမြဲတွေ့နေရပါတယ်။ ရဟန်းတပါးပါးကများ အဆောင်လေးပေးလိုက်ရင် စီးနေတဲ့ ကားခပင်ပေးစရာမလိုလောက်အောင် ဝမ်းသာကြတယ်။ မြန်မာရဟန်းတော်များဆီက ရလိုက်ရင်ပိုလို့ပင် တန်ဖိုးထားတတ်ကြပါတယ်။ မြန်မာဆိုစွမ်းတယ်ဆိုတာ သူ့တို့စိတ်မှာမေ့လို့မရပါ။ မြန်မာ ရဟန်းတော်များက အမဲရောင်စစ္စည်းသုတ်လိမ်းထားတဲ့ ဘုရားအဆောင်လေး၊ယတြာလေးများပေးလိုက်ရင် မြန်မာကကောင်းတယ်လို့ပင် နှတ်ခွန်းခြွေလိုက်ကြသေး။ အဆောင်သာတောင်းတာဗျ၊ အဲဒီမြန်မာဘုန်းကြီးက မျက်ခုံးမွှေးရိတ်မထားရင် ပြဿနာက ရှာချင်သေးတယ်။ ထိုင်းထုံးစံအရတော့ ဘုန်းကြီးမှန်ရင် မျက်ခုံးရိတ်ရတာကိုး။ မျက်ခုံးမရိတ်ရင် ဘုန်းကြီးမဟုတ်သလိုစကားမျိုးက လာတတ်သေးတယ်။ မတူတဲ့ ထူးခြားမှုတွေပါ။

မြန်မာအများစုက သုံးသပ်ပြောဆိုကြတာ ထိုင်းဆိုတဲ့တိုင်း တော်တော်ထိုင်းတာဘဲတဲ့။ သူတို့စံနမူနာ၊သူတို့ဓလေ့နဲ့ အံမဝင်တာလေးများတွေ့ရင် ဖြည့်ပြီးတော့နားလည်ပေးမယ်လို့တခါမှမရှိဘူးတဲ့။ သူတို့နိုင်ငံဘဲ အမှန် မြင်တယ်လို့ပြောကြပါတယ်။ ဟုတ်တော့လဲ ဟုတ်ဟန်ရှိပါတယ်။ သူတို့ထိုင်းစကားမတတ်တာများသိရင် ထိုင်းစကားမတတ်ဘဲ ထိုင်းကိုလာလည်တယ်ပေါ့ ဆိုတာမျိုးက ကြားလိုက်ရသေးတယ်လေ။ စာရေးသူကတော့ တောထိုင်းတွေလို့ဘဲ ဆုံးဖြတ်လိုက်တယ်။ မြို့ထိုင်းမဟုတ်ဖူး ဆိုတဲ့သဘောပေါ့။( ဒါကတော့စကားချပ်)

ရဟန်းတော်များ၏ ဝိနည်းတရားတော်အရ လပြည့်၊လကွယ်ဥပုသ်ပြုခြင်း ဝိနည်းသည် ထိုင်းနိုင်ငံကိုပိုသဘောကျပါတယ်။ အမိမြေမှာ သီတင်းသုံးစဉ်က ဥပုသ်ပြုတယ်ဆိုရင် ဝါတွင်းကာလ၌သာ အလေ့ထတွေ့ရပါတယ်။ နောက်ဆုံး သီတင်းကျွတ်ပဝါရဏာပွဲသည် အကြီးအကျယ်စည်းကားစွာကျင်းပလေ့ရှိကြပါတယ်။ ဆွမ်းလောင်းပွဲစသည်များနဲ့ပင်တွဲဖက်ကာ ကျင်းပလေ့ရှိကြပါတယ်။ ပရဝါဏာပြီးရင်တော့ ဝါမဆိုမှီကာလအတွင်းမတွေရသလောက်ရှားနေပါတယ်။ သာသနာ့တက္ကသိုလ်တွေမှာတော့ ဝါပကာလကြုံဖူးပါတယ်။ နေရာတိုင်း ကျောင်းတိုက်တိုင်းတွင်ကား မရှိလှပါ။ ဤလပြည့်လကွယ်ဥပုသ်ပြုကြခြင်းကို ထိုင်းနိုင်ငံရှိ ဘုန်းကြီးကျောင်းများမှာ ဝါတွင်း၊ဝါပ မခွဲခြားပါ။ အမြဲတမ်းလပြည့်လကွယ်ရှိနေသလို ဥပုသ်ပြုတာလဲ ရှိနေပါတယ်။ ထိုင်းကိုရောက်ခါစက ကိုယ့်အားနည်းချက်ဘဲလို့ပြောရပါမယ်။ ဥပုသ်ပြုမယ်ဆိုတော့ ဟာ တမျိုးပါလားလို့ တွေးမိခဲ့တယ်လေ။ ဘာဘဲ ပြောပြော နယ်နိမိတ်ခြားလာပြီဆိုတော့ ဘာသာတရားရဲ့ ဓလေ့တွေက မတူခြားနားနေဦးမည်ဟု နားလည်ထားမိပါတယ်။(ဆက်ပါဦးမည်)။
0 Responses

    နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
    ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ
    ကောင်းသတင်းများ ဖိနပ်စီးနေချိန်မှာ မကောင်းသတင်းများက ကမ္ဘာပတ်နေပြီ။
    ပြဿနာအခက်ခဲအတွက် ထွက်ပေါက်ကိုသာ စဉ်းစားခြင်းမပြုဘဲ၊ ဖောက်ထွက်ဖို့သာ စဉ်းစားစေချင်ပါတယ်။ ဆရာ ဦးဝင်းတင်