နယ်နိမိတ်ခြားသည် နိုင်ငံမခြားပါ (၂)


ဘာသာတရားတွေရဲ့ယုံကြည်မှု၊အားထားမှု၊ကိုးကွယ်မှုတွေမှာ သတိထားစရာစံနမူနာယူစရာတွေတော့ အများကြီးပါဘဲ။ သူ့ဘာသာနဲ့သူ စိတ်ဝင်စားရာ၊အကြိုက်တွေ့ရာ၊ယုံကြည်ရာတွေနဲ့ နယ်ခံမြေခံဓလေ့များတိုင်း ရှင်သန်နေကြတာပေါ့။ နယ်နိမိတ်ခြားလာပြီဆိုတာနဲ့ ယုံကြည်မှုဓလေ့များကလဲ သိသိသာသာဆိုသလိုပြောင်းလာခဲ့တာကိုမြင်ရတွေ့ရပါတယ်။ တူနေတဲ့ ကိုးကွယ်မှုများကြားကပင် အံ့သြရလောက်အောင်ကို ထူးဆန်းတာတွေ့ရပါတယ်။
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံနည်းတူ သာသနာ့ဝန်ထမ်းများကို နှစ်သစ်ကူး၊ အိမ်သစ်တက်၊မွေးနေ့စသော နေ့ထူး၊အခါထူးများတွင် ပင့်ဖိတ်၍ ပရိတ်တရားနာ၊သီလဆောက်တည်၊အန္တရာယ်ကင်း ပြုလုပ်လေ့ရှိပါသည်။ ကိုယ့်မြေကိုယ်ဒေသနှင့်မခြားနားပါ၊ ဒါပေမယ့် ပရိတ်တရားနာပြီးချိန်မှာတော့ ထူးနေတာတွေ့ရပါပြီ။ ဦးဆောင်ဆရာတော်တပါးက ပရိတ်ရေဖြန်းသည့် နှီးစီးလေးကိုကိုင်ပြီး ပရိတ်သတ်အတွင်း၊အနီးမှာရှိနေတဲ့ မြင်သမျှလူ၊ကားဆိုင်ကယ်၊အိမ်ခြံ အကုန်လိုက်ဖက်ဖြန်းပါတော့သည်။ ခေါင်းကိုထိုးခံလာတဲ့ လူတွေ့ရသလို ရေတွေများလွန်းလို့အလှပျက်မှာကြောက်ပြီး ထွက်ပြေးသူကိုလဲ တွေ့ရတတ်ပါသည်။ မိမိတို့နိုင်ငံမှာတော့ နှစ်သစ်ကူးကာလတွင်းသာ ခြံစည်းရိုး၊အဆောက်ဦးပရဝုဏ်ဝန်းကျင်လောက်သာ ပရိတ်သဲကျောက်စသည်ကို ဖက်ဖြန်းတာမျိုးတွေ့ကြုံခဲ့ရပါသည်။

မိမိ ချွန်ပူရီမြို့သို့ အလည်ရောက်စဉ်က ဆရာတော်တပါး ကားကြီးပေါ်ကနေ လှည့်ပတ်ပြီး တမြို့လုံး၊လမ်းဘေးဝဲယာ ပရိတ်ရေ ဖက်ဖြန်းနေတာကို မီးပှိုင့်တခုမှာ ကောင်းကောင်းတွေ့ခဲ့ပါသည်။ နေပူရှိန်ကလဲမြင့်နေပါတယ်။ အရမ်းလဲ အံ့သြခဲ့ရတယ်။ အဲဒီအကြောင်းကို စိတ်မှာမပြောက်ဘဲ စွဲနေတာကြောင့် တည်းခိုတဲ့မြန်မာဒကာလေးတယောက်အိမ်ရောက်တော့ စကားစမိပါတော့တယ်။ ဘုန်းကြီးကြွလာတယ်ဆိုတော့ ဒကာ၊ဒကာမ ဆယ့်လေးငါးယောက်လောက် ပရိတ်သတ်က ဖြစ်လာတယ်။ နေပါဦးဗျ၊ခင်ဗျားတို့နေတဲ့မြို့က ပရိတ်ရေအမြဲဖက်ဖြန်းနေတာလားပေါ့။ နေ့လည်က လမ်းမှာ ဒီလိုဒီလိုဖြင့်မြင်တွေ့ခဲ့ကြောင်း သိလိုဇောနဲ့မေးပြောပြောလိုက်မိတာပေါ့။ ဒကာတွေများကလဲ အတော်ကိုအတွေ့ကြုံရှိထားပုံပေါ်ပါတယ်။ တင်ပါ့ဘုရားတဲ့။ ဒါ ထိုင်းထုံးစံတခုလို့ပြောရမှာပါဘဲတဲ့။ ပွဲတိုင်းလိုလိုတွေ့ရပြီး တခါတခါ မြိ့ထဲလမ်းမှာပါတွေ့ရတတ်ပါတယ်တဲ့။ ဒကာတော်စကားဆုံးချိန်မှာ ဒကာမလေး ခပ်လတ်လတ်အရွယ်တယောက်က စကားစလိုက်ပါတော့တယ်။

ဦးဇင်းရေ ရေဖြန်းကြောင်းတော့ မပြောပါနဲ့တဲ့၊တပါတ်ကျော်လောက် အိပ်ယာထဲ အလုပ်ပျက်အကိုင်ပျက်လှဲနေလိုက်ရတယ်တဲ့။ ဟာ ဘယ်လိုဖြစ်လို့လဲ၊ ဒါကောင်းတဲ့အလုပ်ဘဲလို့ ပြန်ပြောလိုက်မိတယ်။ ကောင်းတာတော့ကောင်းပါ့ဘုရားတဲ့။  တပည့်တော်မှာ နေ့လည်နေပူပူနဲ့ ယိုးဒယားကျောင်းမှာ ဘာသာရေးပွဲရှိတယ်ဆိုပြီးကျောင်းသွားလိုက်တာ ပရိတ်ရွတ်ပြီးချိန်သွားတိုးတယ်ဘုရား။ ဘုမသိ၊ဘမသိနဲ့ ပရိသတ်အတွင်းဝင်ထိုင်ချိန် ဆရာတော်ကြီးက ဖြန်းဆိုခေါင်းကို ပရိတ်ရေဖြန်းလိုက်တာပေါ့။ အိမ်ရောက်တော့ နှာတွေစီး၊ခေါင်းတွေမူးပြီး အပူရှပ်ဖျားလိုက်တာ ဆေးခန်းကို ငါးရက်ပြေးလိုက်ရတယ်ဘုရားတဲ့။ အဲဒီအချိန်ကစပြီး ပရိတ်ရေဖြန်းတော့မယ်ဆို ပြေးတာဘဲတဲ့။ ပရိသတ်တွေလဲ သံပြိုင်ကို ရယ်လိုက်ကြပါရော။ မိမိလဲ စကားတခွန်းတော့ ပြန်ပြောလိုက်ပါတယ်။ အန္တရယ်တော့ကင်းမယ်ဗျာ၊ အပူရှပ်မှာကိုတော့ ကြည့်ရှောင်ကြပေါ့လေ။ ယုံကြည်မှုနဲ့ နယ်နိမိတ်ခြားနားခြင်းရဲ့ အထူးလေးတွေပေါ့။

ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ ဝိနည်းတရားတော်မျာနဲ့အညီ သာသနာ့ဘောင်(ရဟန်း)ပြုကြရာတွင် ထိုင်းမှာလဲအတူတူပါဘဲ။ အသက် ဆယ့်ကိုးနှစ်ကျော်၊နှစ်ဆယ်မေးတင်အရွယ်ပေါ့။ သိမ်တက်ခြင်းမင်္ဂလာပြုလုပ်လျက် ရဟန်းဘောင်သို့တက်ရောက်ကြပါသည်။ မတူညီတာတခုကတော့ ခွင့်ပြုချက်ပင်ဖြစ်သည်။ ဝိနည်းခွင့်ပြုချက်မဟုတ်၊ဆိုင်ရာဆိုင်ရာ ဆရာတော်ဘုရားများကြီးခွင့်ပြုချက်ဖြစ်သည်။ ကိုယ့်မြေကိုယ့်ရေမှာတော့ နီးစပ်ရာကိုးရာကွယ်ကျောင်းထိုင်ဆရာတော်ဘုရားကြီးက ခွင့်ပြုလျင် ရဟန်းလောင်းမှာသိမ်ဝင်ခွင့်၊ကမ္မဝါခံယူခွင့် ဖတ်ကြားခွင့်ရပါသည်။ ကမ္မဝါအရာကျွမ်းကျင်နိုင်နင်းသည့် ဆရာတော်တပါးကသာ ရွတ်ဖတ်ခြင်းဖြင့် ရဟန်းဘောင်တက်ရောင်ခွင့်ရပါသည်။

ထိုင်းမှာတော့ ရဟန်းလောင်းမင်္ဂလာပွဲကျင်းပခွင့်သာ ကျောင်းထိုင်ဆရာတော်ကခွင့်ပြုနိုင်ပါသည်။ သိမ်ဝင်ချိန် ကမ္မ၀ါစာအတွက်တော့ မြိ့နယ်အကြီးဆုံးဆရာတော်ကြီး၊သို့မဟုတ် တိုင်းမြိ့နယ်က ကမ္မဝါစာဖတ်ခွင့်ရထားသော ဆရာတော်များကသာ ဆောင်ရွက်ရတဲ့မူကိုချမှတ်ထားပါသည်။ ရွတ်ဖတ်ရာတွင်လဲ အလွတ်အာဂုံရွတ်ဆိုရပါသည်။

ဤမတူညီသော စံနမူနာကို သတိထားမိတော့ ဒုလ္လဘတရား ငါးပါးထဲက ရဟန်းအဖြစ်ကိုရခဲခြင်းဆိုတဲ့တရားကို ပြေးသတိရမိတယ်။ ရဟန်းခံပွဲကျင်းပနိုင်သော်လဲ ကမ္မ၀ါစာဆိုင်ရာ ဆရာတော်များကိုသီးသန့်ပင့်ရခြင်းကြောင့် ဆရာတော်များ သာသနာ့ကိစ္စဆိုင်ရာအကြောင်းတို့ တိုက်ဆိုင်နေခဲ့သော် လွယ်လွယ်နဲ့ ရက်သတ်မှတ်ပြီး ရဟန်းဘောင်တက်ရောက်ခွင့်မရနိုင်ပါ။ ကိုယ့်ကျောင်းမှာ ကိုယ့်ဆိုင်းကို ကိုယ်တီးပြီးတော့ ရဟန်းခံပွဲဖြစ်ဖို့အတော်ပင် မလွယ်ကူတော့ပါ။ သက်ဆိုင်ရာဆရာတော်ကြီးများ၏ ခွင့်ပြုချက်ကို ဧကန်ယူရတော့သည်။

ဒုရက္ခာနံ ဘာဝေါ ဒုလ္လဘော၊(ခဲရင်းသဖြင့်ရအပ်သောကြောင့် ဒုလ္လဘ)ဟူသည့်အတိုင်း သဘာဝတော့ကျလှဟန်ရှိသည်။  မိမိတို့မြန်မာပြည်မှာတော့ ကိုယ့်နီးစပ်ရာ ဂေါစရဂါမ်ကျောင်းမှာ ကျောင်းထိုင်ဆရာတော်သဘော၊ ရဟန်းအလှူပြုလိုသူတို့၏ဆန္ဒတို့ဖြင့် ဆောင်ရွက်လေ့ရှိသောကြောင့် ဝိနည်းကိုကြောင့်ကြမဲ့ ရဟန်းကြီးတွေ မကြာမကြာတွေ့ရတတ်ပါသည်။

သာသနာ့ဘောင်မှာ ငယ်စဉ်တည်းက စာပေသင်ကြားခြင်း၊ လေ့လာခြင်းနဲ့ သီတင်းသုံးလာသော ရဟန်းငယ်များနဲ့ အဆင်မသင့်တာတွေလဲ မကြာမကြာမြင်နေ ကြားနေကြရတယ်။ သာသနာကတော့ မြစ်ကြီးငါးသွယ်၊မြစ်ငယ်ငါးရာတွင်းက စီးဆင်းလာတဲ့ သမုဒ္ဒရာကြီးကဲ့သို့ပါဘဲ။ ဆင်းရဲချမ်းသာ၊ဇာတ်မြင့်နိမ့်ခွဲခြားထားခြင်း မရှိပါဘူး။ ဒါပေမယ့်လဲ ခေတ်တွေ၊စားဝတ်နေရေးတွေပြောင်းလာတာကြောင့် လူတွေကလဲ ချောင်ရင်ချောင်သလို အလွယ်လမ်းကို လိုက်တတ်ကြလေတော့ အရာအရာကိုစီစစ်ခြင်း၊ခွင့်ပန်ခြင်းတွေနဲ့ စည်းကမ်းကလနားလေးတွေ ထားနိုင်ရင်တော့ ပိုပိုပြီးသန့်ရှင်း၊ စီပင်တဲ့ သာသနာကြီးဖြစ်နိုင်လိမ့်မယ်လို့ ခံယူမိတယ်။

တောထွက်တောင်ပျံ ကျောင်းလက်မခံ၊ကပ္ပိယတောထွက် ခွေးကြောင်ကြက် ကျောင်းတွင် တသက်မမွေးရာ ဆိုတာမျိုး ခွဲခြားတဲ့စကားလုံးလှလှတွေလဲ ဆိတ်သုဉ်းလာလိမ့်မယ်လို့ တွေးထင်ပါတယ်။ ဒီလိုပြောတော့ သာသနာက မထွန်းပြောင်ဘဲနေလို့လား လို့မေးခွန်းတွေ မေးခြင်ကောင်းမေးချင်မိပါလိမ့်မယ်။ သာသနာကတော့ အမြဲသန့်ရှင်း၊ စီပင်နေလျက်ပါ။ သာသနာရဲ့ အဖုထစ်ဆူးငြောင့်ဆိုတာလဲ ဘုရားရှင်လက်ထက်မှာတည်းက သုဘဒ်ရဟန်းကြီးတို့လို ရှိနေပြီးသားပါ။ သာသနာကိုကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရမယ့် စည်းဆိုတာကတော့ မိမိအပါဝင် သာသနာ့ ဝန်ထမ်းအားလုံးတာဝန်ရှိတယ်လို့ နားလည်မိတယ်။

နံပါတ်တစ်ဆောင်းပါးတွင်းမှာ သာသနာ့ဝန်ထမ်းများ လေယာဉ်၊ရထား၊ကားစီး၍ ခရီးကြွခြင်းနဲ့ပတ်သက်တဲ့အကြောင်းပါရှိပြီးပါပြီ။ ထိုသို့ခရီးဝေးကြွရောက်ကြရာတွင် ကိုယ့်မြေကိုယ့်ရေနဲ့ လုံးဝမတူညီအောင်ရှိနေတဲ့အချက်ကတော့ နားနေခန်း(ယာယီကျောင်း) သီးသန့်တွေပေါ့။ ထိုင်းနိုင်ငံတွင် အဝေးခရီးကြွရောက်ကြရာ၌ ကား၊ရထား လက်မှတ်များဝယ်ယူပြီး ထွက်ချိန်ကိုစောင့်ဆိုင်းကြခြင်းအတွက် သာသနာ့ဝန်ထမ်းများ အိနြေ္ဒရှိလှပါသည်။ မှန်ပါသည်။ သာသနာ့ဝန်ထမ်းများသည် ဃရာဝါသ အိမ်ရာတည်ထောင်လူတို့ဘောင်ကဲ့သို့ လားလား လားလားနဲ့ ရထားဂိတ်၊ကားဂိတ်အတွင်းမှာ သွားလာစောင့်ဆိုင်းနေလို့မသင့်ပါ။ ထိုင်ခုံတန်းလျားများတွင်လဲ ရောရောပြီး ဝင်ထိုင်ရတာ အဆင်မပြေလှပါ။

ထိုအခြင်းရာအတွက် ကားရထား၊လေယာဉ် စသည်ဖြင့်ခရီးဝေးထွက်သည့် ဂိတ်ဌာနတိုင်းတွင် ရှင်သာမဏေ၊ရဟန်းတော်များ ဆိုသည့် စာတမ်းငယ်ဖြင့် အခန်းသီးသန့်စီမံထားခြင်းပါဘဲ။ မိမိတို့လဲ ခရီးသွားတိုင်း လက်မှတ်များဝယ်ပြီးချိန်တွင် ဒီနေရာကိုဘဲ သွားပြီး အနားယူလေ့ရှိပါတယ်။ တကယ်ကို စိတ်ကူးကောင်းတယ်။ သာသနာအတွက် အရေးပါလှတယ်လို့မယူဆနိုင်ပေမယ့် အထောက်ကူအတော်ကိုဖြစ်စေပါတယ်။ ခရီးကြွကြတဲ့ သာသနာ့ဝန်ထမ်းတိုင်း မပင်မပန်းခရီးကြွကြရပါတယ်။

ဘယ်လောက်ထိအဆင်ပြေသလဲ ပြောရရင် စာရေးသူ မလေးရှားသို့ခေတ္တသွားစဉ်က ဘန်ကောက်မြို့၊ ဧရာမလေဆိပ်ကြီးအတွင်းမှာ ချက်ကင်ဝင်ပြီးချိန်၊ အချိန်ပိုရောက်နေတာကြောင့် ဝင်နားလိုက်တာ လေယာဉ်ထွက်သွားချိန်ထိ မနိုးတော့ပါ။ အယားကွန်ဒီရှင်ရဲ့အစွမ်းကြောင့် လေယာဉ်လက်မှတ်ပင် ဆုံးသွားရပါတယ်။ နားလို့အဆင်ပြေချက်ကတော့ လက်မှတ်ဆုံးတဲ့အဆင့်ထိပါဘဲ။ ကာလဒါနအလှူဆိုတာ ဒါမျိုးကိုဘဲ ဟောခဲ့လေသလားမသိပေါ့။ မိမိတို့အမိမြေမှာတော့ ကားဂိတ်တွေရောက်တိုင်း ကွမ်းယာဆိုင်ခုံထိုင်လိုက်၊ဆေးလိပ်ဆိုင်ခုံထိုင်လိုက်နဲ့ အိနြေ္ဒမရှိတဲ့အပြင် ခုံရဖို့ ရေဘူး၊ကွမ်းယာဝယ်ရတာကို အလုပ်တခုဘဲပေါ့လေ။ 

နယ်နိမိတ်လေး ခြားတော့ နိုင်ငံပေါ်လစီတွေကလဲ ဒီမိုကရေစီတွေကော၊ ဘာတွေကော ညာတွေကော ထူးလာလိုက်တာပေါ့။ အိန္ဒိယက ပညာတော်သင်ပြန်လာတဲ့ ဆရာတော်တပါးမိန့်ဖူးသလို အခြေနေတွေ၊ ဘာသာရေးတွေကတော့ ထူးနေမှာဘဲတဲ့။ ဒို့ အိန္ဒိယမှာ နေတော့ ဆိုင်တစ်ဆိုင်မှာ ဆေးလိပ်သောက်နေတာကို ဘေးနားကဝိုင်းက ဘာသာရေးကရုတွေက ဒီကောင်တော့ သွားပြီဆိုတဲ့ အကြည့်အနေထားတွေနဲ့ ပြောဆိုနေတာတွေ့ရတယ်ပေါ့။ သူတို့အတွက်တော့ အထူးဆန်းပေါ့။ ဘာကြောင့်လဲဆိုတော့ သူတို့ဝိနည်းအရဆို ဆေးလိပ်သောက်တာက ရဟန်းမဟုတ်တော့ဘူးတဲ့လေ။ နယ်နိမိတ်မကဘဲ နိုင်ငံပါခြားသွားရင် ပိုပိုပြီး မတူညီတာလေးတွေ ရှိနေဦးမည်နော်။ မှန်းဆမိပါရဲ့။ (ဆက်ပါဦးမည်)။
0 Responses

    နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
    ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ
    ကောင်းသတင်းများ ဖိနပ်စီးနေချိန်မှာ မကောင်းသတင်းများက ကမ္ဘာပတ်နေပြီ။
    ပြဿနာအခက်ခဲအတွက် ထွက်ပေါက်ကိုသာ စဉ်းစားခြင်းမပြုဘဲ၊ ဖောက်ထွက်ဖို့သာ စဉ်းစားစေချင်ပါတယ်။ ဆရာ ဦးဝင်းတင်