|
နယ်နိမိတ်ခြားသည် နိုင်ငံမခြားပါ…….
စာရေးသူသည် စာဖတ်စာရေး ၀ါသနာပါသူတယောက်မဟုတ်ပါ။ မန္တလေးမှာစာသင်ချိန်က ဆရာတွေရဲ့စာအရေးသားကောင်းမွန်စေရန်ရည်ရွယ်ချက်ဖြင့် ကျင်းပပေးလေ့ရှိတဲ့ စာသင်ခန်းတွင်းလေ့ကျင့်ခန်းပြိုင်ပွဲများလောက်သာ ရေးသားခဲ့ဖူးပါတယ်။ အခုနောက်ပိုင်းတော့ ကိုယ့်ကိုမယုံနိုင်လောက်အောင် လက်တည့်စမ်းလာတာကို သတိထားမိလာပါတယ်။ နယ်နိမိတ်စည်းတခုခြားလာတာနဲ့ မတူညီတာလေးတွေ၊ပြောင်းလဲလာတာလေးတွေကဘဲ တွန်းအားဖြစ်လာတယ်လို့ပြောရမယ်ထင်ပါတယ်။
အခုဆိုစာရေးသူထိုင်းကိုရောက်လာတာ နှစ်နဲ့တွက်သော်မကြာလှပေမယ့် လ၊ရက် တို့နဲ့တွက်စစ်ရသော် အတန်အသင့်ကြာမြင့်ခဲ့ပါပြီ။ နယ်နိမိတ်ခြားပြီးရှင်သန်လာခြင်းကြောင့် ကိုယ့်မြေကိုယ်ရေမတူညီတဲ့ ဓလေ့တို့၊ယဉ်ကျေးမှုတို့က အလိုလိုထိတွေ့မိတ်ဆက်လာရပေါ့။ ဘာသာရေးဝန်းကျင်မှာကျင်လည်သူတယောက်ဆိုတော့ ဘာသာရေးနဲ့ပတ်သက်တဲ့ အသွင်၊ဓလေ့၊ယဉ်ကျေးမှုတို့က ပိုပြီးထိတွေ့ရင်းနှီးရမယ်ဆိုတာတော့မြေကြီးလက်ခတ်မလွဲပေါ့။ ရင်းနှီးရင်ဆိုင်လာရတာလေးတွေကို နောက်နောင်မှာရောက်လာမယ့်အားလုံးသောစာဖတ်သူများသို့ ကြိုဆိုရင်း မိတ်ဆက်ပေးချင်တဲ့ ခံစားမှုတခုကြောင့်ရေးဖြစ်သွားတယ်လို့ဆိုရပါမယ်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနဲ့ နယ်နိမိတ်သာခြားပါသည်။ ကိုးကွယ်မှုဗုဒ္ဓဘာသာခြင်းအတူတူပါ။ ယဉ်ကျေးမှု၊လူ့တွေရဲ့ပုံအချိုးစားမကွာလှပါ။ စိုက်ပျိုးသီးနှံ၊လယ်ယာမြေကိုအဓိကထား လုပ်ကိုင်ပုံခြင်း၊ရေခံမြေခံမကွာခြားပါ။ ပင်မရေသောက်မြစ်ခြင်းတူညီနေပေမယ့် မတူညီတဲ့အကိုင်းခက်တွေကတော့ ကိုးကွယ်ရာတွင်ဓလေ့တို့၊စံနမူနာတို့ပင်ဖြစ်သည်။ ထိုင်းနိုင်ငံမြို့တိုင်းတွင် သာသနာ့ဝန်ထမ်းရဟန်းတော်များ၊ရှင်သာမဏေများ ဘစ်စကားစီး၍မြို့တွင်း၊ရွာတွင်းကြွရာ၌ ကားခဝတ္ထုငွေမပေးရပါ။ ဘစ်စကားတိုင်းတွင် သာသနာ့ဝန်ထမ်းများအတွက် သီးသန့်ခုံပါရှိသည်။တမြို့မှတမြို့ခရီးရှည်ကြွရောက်ရာတွင် သာမန်အရပ်သားများနဲ့မတူ သာသနာ့ဝန်ထမ်းများသည် ကားခငွေ ၂၅ ရာခိုင်းနှုန်းလျော့ကာ ခရီးကြွခွင့်ရပါသည်။ သာသနာ့ဝန်ထမ်းဟူ၍ ကား၏ရှေ့ပိုင်းခုံတွင် များသောအားဖြင့်နေရာပေးလေ့မရှိပါ။ ကိုယ့်မြေကိုယ့်ရေမှာကား ခုံအတွက်သတိပေးစာတန်းတော့မြင်ရတယ်၊ ငွေအတွက်သဘောကောင်းတဲ့ စပါယ်ယာနဲ့တွေ့ကြုံခိုက်တော့ ခံစားရတတ်ပါသည်။
သာသနာ့ဝန်ထမ်းများသည် မြို့တွင်းရွာတွင်း၊ခရီးရှည်ကြွရောက်ရာတွင် ဝိနည်းတော်နှင့်အညီ သင်္ကန်းရုံ၍ကြွကြရပါသည်။ သင်္ကန်းရုံခြင်းသည် မဖြစ်မနေကိုကျင့်သုံးရသည့် မူကို ထိုင်းနိုင်ငံတွင် ကိုင်စွဲထားပါသည်။ ဝိနည်းတော်နှင့်အညီဆိုတာတော့ ထိုင်းလူမျိုးအများစုသိသလား၊မသိသလားတော့ တတ်အပ်မပြောနိုင်ပါ။ ကျောင်းပရဝုဏ်မှ အတောင်နှစ်ဆယ်ခန့်သို့ကြွရာတွင်ပင် သင်္ကန်းရုံလို့သွားရတာတော့ စာရေးသူ သိနေပါတယ်။ သင်္ကန်းရုံရာတွင်(သင်္ကန်းရုံနည်း)မူသုံးမျိုး၊သုံးစားတွေ့ရပါသည်။ ကိုယ့်မြေမှာတော့ သာသနာ့ဝန်ထမ်းများ၏ သဘောအတိုင်းသာကြွလေ့ရှိကြသည်။ သင်္ကန်းရုံခြင်း၊မရုံခြင်းကို ပဓာနမထားကြပါ။ အချို့သောစာသင်တိုက်ကြီးများတွင်တော့ စည်းကမ်းတခုအဖြစ်သတ်မှတ်ထားလေ့ရှိတာတွေ့ရပါသည်။ မတူတာတော့ သင်္ကန်းရုံဟန်သုံးမျိုးက ပိုကွဲပြားပါလိမ့်မယ်။
သာသနာ့ဝန်ထမ်းများသို့ ဆွမ်းခဲဘွယ်၊လှူဖွယ်ဝတ္ထုစသည်လှူဒါန်းကြခြင်းတူညီပါသည်။ ဆက်ကပ်နည်းခြင်းမတူညီပါ။ ထိုင်းအမျိုးသမီးများသည် သာသနာ့ဝန်ထမ်းများသို့ ဆက်ကပ်ကြရာတွင် ကြာခံလေးတခု အမြဲထားလေ့ရှိရပါသည်။ စာထဲကလို သာဟတ္ထိက ဆက်ကပ်နည်းမျိုးတော့ ခွင့်မပြုပါ။ ပုဝါပါးလေး၊အရာဝတ္ထုပစ္စည်းလေးတခုနဲ့ထိပြီး တဆင့်ဆက်ကပ်လေ့ရှိပါသည်။ ထိုင်းသာသနာ့ဝန်ထမ်းများ၏ပရိက္ခရာများတွင် ပုဝါပါးအထည်ရှည်စလေး တခါတည်းထည့်ရောင်းထားပေးပါသည်။ အမျိုးသမီးများထံမှအလှူခံရာတွင် အသုံးပြုရန်သီးသန့်စီမံထားခြင်းဖြစ်သည်။ အမျိုးသားများအတွက်တော့ တိုက်ရိုက်ကပ်ခွင့်ရှိပါသည်။ ကိုယ့်မြေမှာတော့ ဒီမူမျိုးမရှိပါ။ အမျိုးသမီးများ ဘုရားပေါ်မတက်ရ ဆိုင်းဘုတ်မျိုးသာတွေ့မြင်ရဖူးပါသည်။ ဆက်ကပ်လှူဒါန်းရာတွင်မူ တိုက်ရိုက်ကပ်ခွင့်ရှိပါသည်။ ထိုင်းတို့ရဲ့သဘောက အမျိုးသမီးများနဲ့ သာသနာ့ဝန်ထမ်းများမထိရဟူ၍ မူသတ်မှတ်ထားဟန်ရှိပါသည်။
သာသနာ့ဝန်ထမ်းများ ဆွမ်းခံကြွသည့်ဓလေ့ခြင်းတူညီပါသည်။ သို့သော် ထိုင်းနိုင်ငံတွင် ဆွမ်းခံချိန်ကိုသတ်မှတ်ထားပါသည်။ အာရုံဆွမ်း၊နေ့ဆွမ်းလို့သီးခြားမထားပါ။ ဝိနည်းတော်အရ နေ့လည် ၁၂ နာရီမတိုင်မီအတွင်းဘုန်းပေးခွင့်ရှိသော်လည်း မနက်ပိုင်းတချိန်သာ(နံက် ၅ နာရီမှ ၇ နာရီ ၃၀)ဆွမ်းခံကြွခြင်း ဓလေ့ကို သတ်မှတ်ထားပါသည်။ ဆွမ်းခံချိန်အတွင်းလောင်းလှူလိုက်သည့် ဆွမ်း၊ဆွမ်းဟင်းများသည် အာရုံရော၊နေ့ဆွမ်းပါ အပြီးစနစ်သဘောဆောင်ပါသည်။ ကိုယ့်မြေမှာတော့ မနက်တကြိမ်၊နေ့ဆွမ်းတကြိမ်ဟူ၍ အများစုကျင့်သုံးသည်ကိုတွေ့ရပါသည်။ ထိုင်းနိုင်ငံမှာတော့ တကြိမ်သာကြွလိုက်သည့်ဆွမ်း၊ဆွမ်းဟင်းသည် အာရုံရော၊နေ့ဆွမ်းရောဖူလုံသွားတာတော့ တမျိုးပေါ့လေ။
နာရေးအမှုကိစ္စများပေါ်ပေါက်လာရင် ထိုင်းတွင် သာသနာ့ဝန်ထမ်းများသီတင်းသုံးရာကျောင်းကန်များသည် သုဿာန်သဘောဆောင်နေသည်ကိုလဲ တွေ့ရပါသည်။ လူသေတာနဲ့တပြိုင်နက် နီးစပ်ရာ၊မိမိတို့ကိုးကွယ်ရာ ဂေါစရဂါမ်အတွင်းက ဘုန်းကြီးကျောင်းသို့အမြန်ပို့ကြသည်။ အိမ်တွင်သူသေကောင်ကိုထား၍ အခန်းနားကျင်းပပြုလုပ်ခြင်းအလျင်းမတွေ့မြင်ရ။ ဘုန်းကြီးကျောင်းတွင်သာ ဘာသာရေးအသုဘအခန်းနားပြုလုပ်ကြသည်။ ဘုန်းကြီးကျောင်းတိုင်းတွင်လဲ နာရေးဇရပ်၊သူသေခေါင်း၊မီးသင်္ဂြိုဟ်စက် အဆင်သင့်ကျောင်းထိုင်ဆရာတော်က စီမံထားသည်။ ကွယ်လွန်သူအသိုင်းဝိုင်းပေါ်မူတည်လို့ နှစ်ရက်၊သုံးရက်၊တပါတ်စသည် မီးသင်္ဂြိုဟ်စက်အတွင်းမပို့မှီ သရဏဂုံတင်ခြင်းစသည်တို့ကို သူနာထားသည့်ရက်တိုင်း၊နေ့တိုင်း ပြုလုပ်ပေးလေ့ရှိပါတယ်။
ကိုယ့်မြေတွင် နာရေးအတွက် သာသနာ့ဝန်ထမ်းများက သရဏဂုံတင်ပေးခြင်း၊ငါးပါးသီလဆောက်တည်ခြင်း၊ရေစက်သွန်းချခြင်းများပြုလုပ်ပြီးတိုင်း မေတ္တာသုတ်ပရိတ်တော်ကိုချီးမြင့်လေ့ရှိသည်။ ထိုင်းမှာတော့ ကုသလာဓမ္မာအစဖြာသည့် အဘိဓမ္မာ(ကုသလတိကစသည်)တို့ကို ထူးထူးခြားခြား ရွတ်ပွားလေ့ရှိသည်။ စာရေးသူစွမ်းသလောက်မေးကြည့်မိတော့ ဘုရားရှင် မယ်တော်ဖြစ်ခဲ့ဘူးတဲ့ သန္တုဿိတ နတ်သားကို အဘိဓမ္မာတရားဟောပြ၍ ကျေးဇူးဆပ်တာကို ပဓာနထားအကြောင်းပြုလို့ သေသွားသူအားရှိဘူးသောကျေးဇူးများကိုနောက်ဆုံးဆပ်ပေးသည့်သဘောဖြင့် အဘိဓမ္မာကို ရွတ်ပွားသည်ဟု မှတ်သားရဖူးပါသည်။ ထို့နောက် သေသွားသူ၏ ဆွေမျိုးတော်စပ်သူအတွင်းမှ ယောက်ျားလေးများကိုလဲ ရှင်သာမဏေပြုပေးတာတွေ့ရပါသည်။ အသုဘပြီးဆုံးတာနဲ့ ရှင်သာဏေဘောင်မှ ချက်ချင်းဆိုသလိုပြန်ထွက်ကြပါတော့တယ်။ ဖော်ပြပါအကြောင်းကိုဘဲ အခြေခံထားလို့ ရှင်သာဏေပြုပေးပုံရပါတယ်။
ထိုင်းနိုင်ငံရှိဘုန်းတော်ကြီးကျောင်းများတွင်လည်း ကိုယ့်မြေကဘုန်းတော်ကြီးကျောင်းများကဲ့သို့ပင် နေ့စဉ်ဘုရားရှိခိုးခြင်းဓလေ့များ ထပ်တူရှိပါသည်။ အထူးသဖြင့်ဝါတွင်းကာလများတွင် မနက်တကြိမ်၊ညနေတကြိမ်ပေါ့။ ထူးနေတာကတော့ ထိုင်းဘုန်းတော်ကြီးကျောင်းများတွင် ဘုရားရှိခိုးသည့်ဝတ်ရွတ်စဉ်မူသည် တနိုင်ငံလုံးတမူတည်းထားခြင်းပါ။ တကျောင်းတပါဒစနစ်လုံးဝမရှိသလောက်ပါ။ ဒီနယ်ကကျောင်းမှဝတ်ရွတ်စဉ်သည် နောက်နယ်တခုက ကျောင်းသို့ပြောင်းရွေ့သီတင်းသုံးလျင်လည်း အတူတူပင်ဖြစ်သည်။ စာရေးသူတို့ကိုယ့်မြေမှာတော့မူတွေက အတော်ကိုကွဲလွန်းပါတယ်။ ဝိနည်းတော်ကတော့တူညီနေလျက် ဝတ်ရွတ်စဉ်တွေကတော့ စာသင်တိုက်တခုမှ အခြားစာသင်တိုက်သို့ပြောင်းရွေ့ပညာသင်ရတိုင်း ဝတ်ရွတ်စဉ်ကို အရင်ကျက်နေရတာကကို အလုပ်တခုပါဘဲ။ ဘုရားရှိခိုးဂါထာတွေတော့ တိုးတိုးလာတဲ့အကျိုးတော့ရှိတာပေါ့။ ဒါပေမယ့် မဟာစည်မူ၊လယ်တီမူနဲ့ သြကာသကန်တော့ချိုးတွေတိုးလာတာကျတော့ မေးတတ်သူနဲ့တွေ့တိုင်း ဖြေရှင်းရတာအလုပ်တခုပိုပြန်ရောဗျာ။ စာရေးသူကတော့ မူတခုနဲ့လဲဖြစ်၊ဝိနည်းတော်နဲ့ညီဆိုရင် ပိုသဘောကျမယ်လို့စိတ်ကူးမိတယ်။ တကျောင်းတပါဒစနစ်တွေကတကယ်တော့ ရွာသားတွေအရှေ့ပိုင်း၊အနောက်ပိုင်းစသည်ကွဲခြင်းရဲ့အခြေခံအကြောင်းလို့ ယူဆမိတာလဲပါတာပေါ့။
အာရုံဆွမ်း၊နေ့ဆွမ်းဘုန်းပေးကြရာတွင်တော့ စားတာခြင်းတူပြီး၊အခင်းကျင်းကကွဲပြန်ရော။ ထိုင်းမှာ ရဟန်းသာမဏေများ ဆွမ်းဘုန်းကြစဉ် စားပွဲသုံးလေ့မရှိပါ။ သင့်တော်တဲ့နေရာမှာ စားပွဲခင်းကောဇောပါးပါးလေးခင်းပြီး ဆွမ်းကပ်လေ့ရှိပါတယ်။ ဝါတော်ရအဓိပတိဆရာတော်ကြီးကစလို့ ရှင်သာမဏေ အဆင့်ထိပါဘဲ။ စာရေးသူတို့က အလေ့ကျင့်မရှိတော့ ကြီးကျယ်တယ်ဘဲပြောပြော ခါးကိုညွှတ်၊ခေါင်းကိုငုံ့ပြီးဆွမ်းစားရတာ အတော်ပင်ပန်းမိတယ်။ ဗိုက်တင်းအောင်ဘုန်းပေးလို့အဆင်ကိုမပြေပါဘူး။ ဗိုက်တင်းလာရင် ခါးကုန်းပြီးအချိုပုဂံဘုန်းပေးချိန်ကျတော့ အဆင်မပြေတော့ဘူးလေ။ ဗိုက်ကခုနေသလိုခံစားရတယ်လေ။ ခါးကိုမတ်မတ်လေးထားပြီး စားပွဲလေးနဲ့ဘဲ တမယ်ကောင်းဟင်းလေးကို ဘုန်းပေးရတာ မက်မိတယ်။ မတူတာလေးတွေကတော့ နယ်နိမိတ်ခြားလို့ပေါ့နော်။
ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်မှုတွင် ဥပုသ်သီတင်းသီလခံယူဆောက်တည်ခြင်း၊ဝိပဿနာအားထုတ်ခြင်း၊အခွင့်သင့်သလိုတရားတော်များကိုမှတ်သားနာယူပွားများခြင်းများသည် ပဓာနအကြောင်းတွင်ပါဝင်သည်။ ကိုယ့်မြေကိုယ်ရေကဲ့သို့ပင် ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာများ အများအပြားရှိပါသည်။ ဤဘာသာရေးဆောင်ရွက်ဖွယ်၊ကျင့်သုံးဖွယ်များ ဆောင်ရွက်ကြရာဝယ် ဂေါပကလူကြီး၊(အကျိုးဆောင်ကပ္ပိယ)သည် ဘာသာရေးကိစ္စများကိုအဓိကဦးဆောင်ရသည်။ ထိုင်းရိုးရာသီလဆောက်တည်ရာတွင်လဲထိုနည်းတူပါဘဲ။ ထူးတာက သီလဆောက်တည်ခြင်းကိစ္စ၌ ဥပါသကာခေါ် ကပ္ပိယတယောက်သာ ငါးပါးသီလကို နှတ်တိုက်ဆိုခြင်းဖြစ်သည်။ ဘယ်လိုဘာသာရေးအခန်းနားဘဲလုပ်လုပ် သီလရတာကတော့ ဒီတယောက်ဘဲလေ။
ကာယကံရှင်တွေ၊ဖိတ်မံထားတဲ့ ဧည့်သည်တွေကတော့ ရှေ့ကဆရာတော်ကသီလပေးနေလဲ သူ့အာရုံကျရာတနေရာကိုငေးရင်ငေး၊မငေးရင် ဖုန်းပြောနေတာဘဲတွေ့တယ်။ သီလရတာ၊မရတာသူနဲ့မဆိုင်သလိုပါဘဲ။ မယုံရင်တော့ ထိုင်းကိုရောက်လာရင် လက်တွေ့မြင်ရမှာပေါ့။ သိနေမြင်နေရတာတော့ ထိုင်းနိုင်ငံမူလတန်းကျောင်းတိုင်းမှာ နေ့စဉ် သီလပေး၊ဘုရားရှိခိုး၊ဂုဏ်တော်စတဲ့ ဘာသာရေးအခြေခံတွေ ငယ်ငယ်ကျောင်းသူ၊ကျောင်းသားအရွယ်တည်းက သင်ပေးနေတာ၊ရွတ်ဖတ်နေတာ အမှန်ပါ။ ဘုန်းတော်ကြီးတပါးလဲ မူလတန်းကျောင်းတိုင်းလိုလို ဘာသာသွေးအတွက် သင်ခန်းစာတရပ်အတွက် ဆရာတယောက်အနေနဲ့ခန့်ထားတာ၊ဖိတ်ထားတာလဲ ရှိနေပါတယ်။ ကြီးလာမှဘဲ ပျောက်သွားတာလား၊ ထိုင်းဆရာတော်များရဲ့ အားနည်းမှုလားတော့ စာရေးသူမသိပါ၊ စာရေးသူတို့မြေက သီလပေးပွဲတွေနဲ့မတူ၊ထူးနေတာတော့ သေချာပေါက်ပေါ့။
ပလ္လင်ပေါ်မှာထိုင်ပြီး ဆရာတော်ပြောသမျှကို အာရုံပြုနားဆင်လို့တရားနာရတဲ့အဆင့်ကတော့ ပိုဝေးသေး။ ရှိကိုမရှိတာပါ။ ရှိနေတဲ့တရားဟောခြင်းကတော့ ပေစာခေါ် စာမူတိုင်း ဆရာတော်က ပလ္လင်တော်ကနေ ဖတ်ပြတာ(ပါရာဖတ်)ကို ခေတ္တနားစွင့်နေတာဘဲရှိတယ်။ တစ်ဝါတွင်းလုံးကြားလိုက်ရတာကတော့ ဆုံးဆယ့်ရှစ်ဖြာ(မင်္ဂလသုတ်)မင်္ဂလာတရားတော်ကို ဥပုသ်နေ့တိုင်းဖတ်ပြတာပေါ့။ တရားဟောခြင်းပါဘဲ။ ကိုးကွယ်မှုတူတယ်၊မူမတူတာလေးတွေပေါ့။ စာရေးသူကို ထိုင်းအထာ၊ထိုင်းအနေထားသိတဲ့ သူငယ်ချင်းတပါးက ကောင်းကောင်းပြောဖူးပါတယ်။ ကိုယ်တော်ရေ ထိုင်းတွေက ဘုရားရှိခိုးစာအုပ်တအုပ်ကို ပိဋကတ်သုံးပုံလို့ထင်နေတာတဲ့။ ဘုရားရှိခိုးစာအုပ်ကလဲ တော်တော်စုံဗျ တဲ့။ ဆိုလိုတာက သုတ္တန်ရော၊အဘိဓမ္မာရော အနေထားပေါ့။ သူတို့ထိုင်းကိုယ်တော်တွေက ဒီစာအုပ်နဲ့ပဲ လူကိုလာလာချိန်းခြောက်နေတာတဲ့။ ပါရာဇိက(ဝိနည်း)ဘယ်နှစ်ပါးရှိလဲ လူကိုလာလာမေးနေတာတဲ့။ သူလဲ မခံချင်လို့ပြောလိုက်တာ၊ဒို့နိုင်ငံက ဒီဟာလောက်တော့ ကိုရင်ပိစိလေး မေးရင်ပင် သိတယ်လို့ဖြေလိုက်ရတယ်တဲ့။ ဒါမှငြိမ်ပြီး နောက်ကိုလာမမေးတော့တာတဲ့။ သူ ထိုင်းကြားထဲမှာနေခဲ့ရတဲ့ အတွေ့ကြုံလေးပေါ့လေ။
သီတင်းသီလဆောက်တည်ခြင်း၊တရားဟောတရားနာခြင်းတွေနဲ့ပတ်သက်လို့တော့ စာရေးသူကို စွမ်းနိုင်သမျှထိုင်းမှာရပ်တည်နိုင်အောင် မြေတောင်မြောက်ရေလောင်းပေးခဲ့တဲ့ ဆရာတပါးကို ကိုယ်တိုင်မေးမြန်းကြည့်ခဲ့ဖူးပါတယ်။ ဆရာသမားကတော့ ကိုယ်တော်ရေတဲ့ ဒီထိုင်းမှာက စီးပွားရေး၊စီးပွားရေးဘဲတဲ့။ တိုးတက်တယ်လေ၊တိုးတက်တာငွေရှိမှဖြစ်မယ်။ သီလဆောက်တည်တာက နောက်ဘဝရဲ့ပန်းတိုင်လို့ဘဲမြင်တယ်၊သူတို့စိတ်မဝင်စားဘူး၊ ဆွမ်းလောင်းလို့ဆုပေးတာကြည့်ပေါ့တဲ့။ အသက်ရှည်မယ်၊အဆင်းလှမယ်ဆိုတာသာ အဓိကကြားခြင်တာတဲ့။ ငွေရှိရင်ရှိသလို စားမယ်၊သုံးမယ်၊ကိလေသာခံစားမယ်၊လူ့ဘဝမှာနေခိုက်လေး ငွေပေါပေါနဲ့ ခံစားမယ်တဲ့။ ဒါလောက်ဘဲ တွက်တာ၊ဘုန်းကြီးကို လေးစားတယ်၊ကြည့်ညိုတယ်ဆိုတာလဲ ချဲထီထွက်မဲ့နေ့မျိုး ဆွမ်းပိုလောင်းတာကိုယ်တော်သိနေတာဘဲတဲ့။
အထူးပြောစရာမှမလိုတာပေါ့။ ငွေဘဲတဲ့၊တိုးတက်တဲ့အချိန်မှာငွေရှိရင် ကိစ္စပြီးသလောက်ပေါ့လေ ဆိုလိုတာက။ ဒါကြောင့်မို့ တရားဟောတရားနာ အများစုက သိပ်စိတ်မဝင်စားဘူးတဲ့။ ငွေရှိရင် တိုက်ဝယ်မယ်၊ကားဝယ်မယ်။ဒါဘဲ ဒါဘဲ လို့ သူသုံးသပ်ထားတဲ့ အမြင်ကိုပြောပြခဲ့ဖူးပါတယ်။ ဆရာလဲ ထိုင်းမှာနေလာတာ ဆယ်နှစ်တင်းတင်းပြည့်တော့မှာပါ။ တော်တော်များများတော့ ထိုင်းဘာသာရေးသဘောကို သိနေပါတယ်။ သူကဆက်ပြောသေးတယ်၊ ကိုယ်တော်ရေ ထိုင်းရောက်လို့ ဘာမတူညာမတူလို့တော့ မတွက်နဲ့ပါ့တဲ့၊ဘယ်တိုင်းပြည်ဘဲရောက်ရောက် လူတိုင်းလူတိုင်း စိတ်အကျဉ်း ၈၉ ပါး၊အကျယ် ၁၂၁ ဘဲတဲ့။ ဒါသာမှတ်ထားပေါ့တဲ့။ ဆရာသမားပြောလိုသတိပေးလိုတာတော့ မြန်မာပြည်လိုဘဲပေါ၊ ဘာသာရေးလိုက်စားသူရှိသလို၊စိတ်မဝင်စားသူလဲ ရှိတယ်လို့ သတိပေးပြောဟန် ဖြစ်မယ်လို့ကောက်ကျစ်ချနားလည်မိပါတယ်။
စာရေးသူတွေ့ကြုံသမျှလေးတွေကို သိသလောက်ပြောပြ ရေးပြတာပါ။ မှားလားမှန်လားတော့ ထိုင်းစကားတတ်ချိန်ရောက်မှဘဲ သေသေချာချာဆန်းစစ်ကြည့်ရမှာပါ။ ကိုယ်ဖြတ်သန်းလာချိန်တွင်းမှာ နယ်နိမိတ်ခြားသည် နိုင်ငံမခြားပါ ဆိုတဲ့ စားတန်းငယ်ကို ဆောင်းပါးလောက အပျံသင်နေချိန်မှာ တင်ပြခြင်းပါ။ နယ်နိမိတ်ပင်မက နိုင်ငံကြီးတွေခြားသွားခဲ့ရင် ကိုးကွယ်မှုအစိတ်ပိုင်းကွာခြားချက်လေးတွေ ဘယ်လောက်ထိများကျယ်နေဦးမယ်ဆိုတာ တွေးတောရင်းပေါ့။ သီရိလင်္ကာက ရှိခိုး၊အရိုသေပေးမှုတွင် ခြေဆင်းရတယ်ဆိုတဲ့ ထုံးစံများတိုင်းပေါ့လေ။ (ဆက်ပါဦးမည်)။။


ဆောင်းပါးအသစ်ရေးပြီဗျို့လို့ အော်ထားတော့လည်း လာဖတ်သွားပါတယ်ဗျို့လို့ အော်ရလိမ့်မယ်။ အတော်ရေးနိုင်တာပဲ။ ဆက်ရေးနိုင်ပါစေ...ဆရာတော်လေး